မုဆိုးမတို့ရွာ မုန်းဟင်းခါးဆိုင်ကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီး

မုဆိုးမတို့ရွာ မုန်းဟင်းခါးဆိုင်ကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီး

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း နာမည်ကြီးလာသည့် မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ဖျက်ဆီးလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို ဒီဇင်ဘာလ (၂၉)ရက်နေ့က စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က မည်သည့်အတွက်ကြောင့် ဝင်ရောက်ဖျက်ဆီးသည်ကိုမူ မသိရဟု ဆိုသည်။

“စည်ပင်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ဖျက်သွားတာ။ သူတို့ကို သရော်တယ်လို့ ထင်နေပုံရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စည်ပင်ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သားများက စစ်ကားတစ်စီးနှင့်ရောက်လာပြီးနောက် ဆိုင်းဘုတ်များ ဖြုတ်ချခြင်းနှင့် အတွင်းပစ္စည်းများကို ဖျက်ဆီးခြင်းများလုပ်ဆောင်သည်ဟု ဆိုသည်။

 

အဆိုပါလုပ်ရပ်ကြောင့် မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်၏ လူမှုကွန်ယက်စာမျက်နှာလည်း ဖျက်သိမ်းသွားသည်ကို တွေ့ရသည်။ 

မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ (၆၃)လမ်း၊ (၃၈)လမ်းနှင့်  (၃၉)လမ်းကြားတွင်ရှိသည်။

မုဆိုးမတို့ရွာဆိုင်၏ လူမှုကွန်ယက်စာမျက်နှာတွင် စျေးရောင်းချကြသည့် ဝန်ထမ်းများမှာ ခင်ပွန်းသည် ဆုံးပါးသွားပြီဖြစ်သဖြင့် ဆိုင်နာမည်ကို မုဆိုးမတို့ရွာဟု နာမည်ပေးထားခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

#TachileikNewsAgency

#TNA_MAT