မဟာအောင်မြေမြို့နယ် အမှတ် (၇) ရဲစခန်း ဗုံးခွဲတိုက်ခိုက်မှုတွင် PDF ရဲဘော်တစ်ဦး ဖမ်းဆီးခံရ

မဟာအောင်မြေမြို့နယ် အမှတ် (၇) ရဲစခန်း ဗုံးခွဲတိုက်ခိုက်မှုတွင် PDF ရဲဘော်တစ်ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း ၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၃၅)လမ်းနှင့် ကမ်းနားလမ်းအနီးရှိ အမှတ်(၇)ရဲစခန်းအား PDF တပ်ဖွဲ့က လက်ပစ်ဗုံးနှင့် ဗုံးခွဲတိုက်ခိုက်ရာ ဗုံးချို့ယွင်းချက်ကြောင့် PDF ရဲဘော်တစ်ဦး ဖမ်းဆီးခံရကြောင်း No More Dictatorship People Defence Force-NMD အဖွဲ့မှ သတင်းထုတ်ပြန်သည်။

အမှတ် (၇) ရဲစခန်းအား ၂၀၂၄ခုနှစ် မေလ (၂၁)ရက်နေ့ ည (၇)နာရီတွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်လုံးမှာ စခန်းဝန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကာ တစ်လုံးမှာ ချို့ယွင်းချက်ဖြစ်ပေါ်ခဲ့ပြီး ရဲဘော်တစ်ဦး ဒဏ်ရာရရှိ၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း NMD PDF အဖွဲ့မှ မေလ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် ကျန်ရဲဘော်တစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဘေးကင်းရာသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ ရန်ကုန်-မန္တလေးကားလမ်း၊ မြနန္ဒာလမ်းနှင့် စစ်ကိုင်း-မန္တလေး ကားလမ်းကြား မြဝတီဘဏ်ရှေ့ရှိ အစောင့်ကင်းတဲအား NMD PDF အဖွဲ့မှ မေလ (၂၁)ရက်နေ့ နေ့လယ်(၁၁)နာရီခန့်တွင် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် အစောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်ဖြင့် အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်သော်လည်း အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီမှ 1027 စစ်ဆင်ရေးအား ယတြာချေပွဲ စီစဉ်ချိန်တွင် UG ရဲဘော်များမှ သွေးမအေးကြောင်း ပြည်သူများအားအသိပေးသည့်အနေဖြင့် ခြိမ်းခြောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency