စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးထားသည့် ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ် လွတ်ရက်စေ့၍ အင်းစိန်ထောင်က ပြန်လွတ်လာ

စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးထားသည့် ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ် လွတ်ရက်စေ့၍ အင်းစိန်ထောင်က ပြန်လွတ်လာ
ဖေဖော်ဝါရီ 24, 2022 | အခြားဒေသများ

စစ်တပ်က အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးသွားသည့်  ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ် ယနေ့ ဖေဖော်ဝါရီ (၂၄)ရက်၊ မနက် နံနက်က အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းမိသားစု အသိုင်းအဝိုင်းထံမှ သိရသည်။

ကိုမင်းသွေးသစ်မှာ စစ်ကြောရေးတွင် တစ်လအကြာ အစစ်ဆေးခံရပြီးနောက် အကျဉ်းထောင်အတွင်း တစ်နှစ်ကြာ ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က ၎င်းအား ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဖမ်းဆီးလိုက်ပြီး အမှုဖွင့်ရန် အပြစ်ရှာမရ ဖြစ်နေသည့်အတွက် စစ်ကြောရေးတွင် (၁)လကြာသွားပြီး ယာဉ်အန္တရာယ်ကင်းရှင်းနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၅ ဖြင့် အမှုဖွင့်ကာ ထောင်ဒဏ် (၁)နှစ်ချမှတ်လိုက်ပြီးနောက် ယခုအခါတွင် လွတ်ရက်စေ့၍ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ထောင်မှ လွတ်မြောက်လာသည့် ကိုမင်းသွေးသစ်သည်  ထောင်တွင်းအခြေအနေများကြောင့် ခါးနာခြင်း၊ အစာအိမ် နှင့် မျက်စိဝေဒနာများ ခံစားနေရကြောင်း သိရသည်.