သံတွဲနှင့် ကျိန္တလီမြို့နယ်ရှိ ဒေသခံတချို့ ဆန်ကွဲဝယ်စားနေရ

သံတွဲနှင့် ကျိန္တလီမြို့နယ်ရှိ ဒေသခံတချို့ ဆန်ကွဲဝယ်စားနေရ

ရခိုင်ပြည်နယ် သံတွဲနှင့် ကျိန္တလီမြို့နယ်ရှိ ဒေသတချို့တွင် ဆန်ပြတ်လပ်လာခြင်းနှင့် ဆန်အိတ်လိုက် သိုလှောင်ခြင်းများကြောင့် ဒေသခံလက်လုပ်လက်စားများ ဆန်ကွဲကိုဝယ်ယူစားသုံးနေကြရသည်မှာ တစ်ပတ်ကြာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ဒေသခံများအတွက် အလှူရှင်များက ဆန်အိတ်လိုက်ဝယ်ယူခြင်း၊ ငွေကြေးတတ်နိုင်သည့် စစ်ရှောင်တချို့ကလည်း ဆန်အိတ်လိုက်သိုလှောင်ခြင်းများကြောင့် ဆန်ဆိုင်များက ပြည်နှင့် ရောင်းချခြင်းမလုပ်တော့ဘဲ အိတ်လိုက်သာ ရောင်းချကြသဖြင့် လက်လုပ်လက်စားသမားများမှာ ဆန်ဝယ်ယူရန် ခက်ခဲလာပြီး ဆန်ကွဲကိုသာ ဝယ်ယူစားသုံးနေကြရသည်ဟု ဆိုသည်။

“ဆန်ဆိုင်တွေက အိတ်လိုက်ပဲရောင်းတော့တာ။ စစ်ဘေးရှောင်တွေတချို့က အိတ်လိုက်သိုလှောင်ကြသလို အလှူရှင်တွေကလည်း အများယူကြတော့ ကြက်ကျွေးဖို့ သီးသန့်ရောင်းတဲ့ ဆန်ကွဲတွေကို ဝယ်စားနေရတာ (၁)ပတ်လောက်ရှိပြီ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

ဆန်ကြမ်းတစ်အိတ်ကို ငွေကျပ်(၁၃၀,၀၀၀)ရှိရာက ယခုတွင် တစ်အိတ်ကို(၂၀၀,၀၀၀)ကျပ်အထိ ဈေးတက်နေပြီး ဆန်ရှာမရတော့သည့် အခြေအထိဖြစ်လာကာ ဆန်ပေါ်ချိန်ကြားကာလတွင် ဆန်ပြတ်သွားနိုင်သည့် အခြေအနေဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်ထင်တယ် ဒီလကုန်လောက်မှာ ဆန်ပြဿနာတက်ကြမှာ။ ကျိန္တလီမတိုင်ခင်မှာ ချင်းကွင်းဂိတ်တစ်ခု ရှိတယ်။ အခု အဲဒီကိုရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဘာမှပေးမသွင်းဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်(AA)သည် သံတွဲကိုသိမ်းပြီးနောက် သံတွဲကိုဝင်ရောက်နိုင်သည့် တောင်ကုတ်နှင့် ဂွမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်ပါက သံတွဲသို့ ကုန်းလမ်းနှင့် လေကြောင်းမှ ကုန်ပစ္စည်းအဝင် ရပ်တန့်သွားနိုင်သည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

“သံတွဲက ရှိသမျှကုန်တွေ၊ စားသောက်ကုန်၊ အဝတ်အထည် အစရှိတာတွေကို ရသလောက် ဈေးကြီးပေးပြီး ဝယ်ကြတယ်။ ပြီးတော့ ရေလမ်းကနေ မအီ၊ လင်းမူးဘက်ကို ပို့တာ။ အကျိုးဆက်က စစ်ရှောင်ဒေသဖြစ်တဲ့ တောင်ဖက်တကျောမှာ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ဆေးပေါ့လိတ်၊ ကော်ဖီထုပ်ဈေးကွက်က ထိုးတက်သွားတာ။ ဆိုင်ရှင်တွေက ပုံမှန်မရောင်းတော့ဘူး။ အဲဒီကုန်ကူးတဲ့သူတွေကိုပဲ ရောင်းတော့တယ်။ ဈေးကွက်ကြီး တစ်ခုလိုဖြစ်နေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိသံတွဲမြို့တွင် တိုက်ပွဲများဆက်ဖြစ်နေပြီး ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်၏ ခမရ(၅၆၆)၊ ခလရ(၅၅)တပ်၊ လေဆိပ်တို့ကို AA က သိမ်းပိုက်ထားကာ မြို့တွင်းကို ထိုးစစ်ဆင်နေသဖြင့် စစ်ကောင်စီတပ်က မြို့တွင်းကို လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်နေသည်။

စစ်ကောင်စီတပ်က ယင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင်း နေအိမ်အများအပြားပျက်စီးပြီး ဒေသခံများလည်း ထိခိုက်သေဆုံးကာ ပိတ်မိနေသည့် ဒေသခံတချို့ကို AA ကကယ်ထုတ်ပေးနေရသည်ဟု သိရသည်။

#TachileikNewsAgency