ဝ-တရုတ်နယ်စပ်ဂိတ်အားလုံးကို တရုတ်က ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ် 

ဝ-တရုတ်နယ်စပ်ဂိတ်အားလုံးကို တရုတ်က ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ် 
အောက်တိုဘာ 29, 2024 | 2021 Military Coup| အခြားဒေသများ

မြန်မာ-တရုတ်နယ်စပ် ဝ ဒေသရှိ တရုတ်နယ်စပ်ဂိတ်များအားလုံးကို တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပင်ကန့်သတ်လိုက်ကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

တရုတ်နိုင်ငံဘက်က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ကစတင်ပြီး မူဆယ်-ကျယ်ခေါင်ဂိတ်၊ မိုင်းလား-တာ့လော့ဂိတ်တို့မှ ကုန်စည်တင်သွင်းခွင့်ကို ကန့်သတ်လိုက်ပြီးနောက် ဝ-တရုတ်နယ်စပ်ဂိတ်အားလုံးကို ထပ်မံကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ 

“နမ့်တစ်မြို့နားက မန်ခါးဂိတ်ပိတ်တာ တစ်လကျော်လောက်ရှိပြီ။ ကျန်ဂိတ်ကန့်သတ်တာမှန်ပါတယ်။”ဟု အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ဦးက Tachileik News Agency ကိုပြောသည်။

တရုတ်နိုင်ငံဘက်က စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများကို ကန့်သတ်လိုက်ခြင်းဖြစ်ပြီး လူအဝင်၊ အထွက်နှင့် ဟင်းသီးဟင်းရွက်များကိုသာ ခွင့်ပြုထားသည်ဟု သိရသည်။

လက်ရှိတွင် တရုတ်ဘက်က နမ့်တစ် (မန်ခါး)ဂိတ်၊ မုန်အားဂိတ်၊ ဆောဖာဂိတ်အပြင် မိုင်းလားနှင့် နယ်စပ်ဂိတ်များ၊ မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တို့ကို ကုန်စည်တင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ဝ ပြည်နယ်အတွင်း မလိုအပ်ဘဲ ကုန်စျေးနှုန်းများကို စျေးတင်မရောင်းကြရန်၊ လူထုများကြား ကုန်စျေးနှုန်းနှင့် ပတ်သက်ပြီး သတင်းအမှားများ မဖြန့်ကြရန် UWSA ဘက်က စာထုတ်ထားသည်ဟု သိရသည်။

#TachileikNewsAgency