ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၁၀) တပ်ရင်း၏ စခန်းတစ်ခုအား ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြို့လှ K- PDFထံမှ သိရသည်။
စစ်ကောင်စီတပ်ကို KIA တပ်မဟာ(၈) လက်အောက်ခံအမှတ် (၅)တပ်ရင်းနှင့် မြို့လှ K-PDF၊ ဟိုပင် K-PDFတပ်ရင်းတို့ ပူးပေါင်းပြီး ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ် တပ်မ (၈၈)လက်အောက်ခံ ခလရ (၁၀)တပ်ရင်း၏ စခန်းအား နာရီဝက်ဖြင့် အပြီးအစီး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်(၄)စီးဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။
ပူးပေါင်းတပ်များက စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်(၈)လက်၊ ခဲယမ်းများနှင့် ရိက္ခာအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ခလရ (၁၀)သည် ဗိုလ်မှူး ကိုကိုနိုင် ဦးစီးပြီး အင်အား (၃၀)ခန့်ဖြင့် တပ်စွဲနေထိုင်ထားသည်မှာ တစ်နှစ်ဝန်းကျင်ရှိပြီဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း မြို့လှ K-PDF တပ်ရင်းဘက်မှ ရဲဘော် (၃)ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
#TachileikNewsAgency