စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးအထိုင်ချထားသည့် နေရာများအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်

စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးအထိုင်ချထားသည့် နေရာများအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးအထိုင်ချထားပြီး ပစ်ခတ်မှုများ လုပ်ဆောင်နေသည့် နေရာများအား ပြင်ဦးလွင်ခရိုင် ပကဖ ဒရုန်းတာဝန်ခံ၏ လမ်းညွှန်မှုဖြင့် ခရိုင်ဒရုန်းအဖွဲ့မှ ဦးဆောင်၍ ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပ.က.ဖ ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

စဉ့်ကူးမြို့နယ်အတွင်းသို့ နေ့စဉ်ရက်ဆက် လက်နက်ကြီးများပစ်ခတ်နေသည့် ကျောက်အိုးတံတား တောင်ဘက် ဂေါက်ကွင်းအနီး လက်နက်ကြီးများ အထိုင်ချထားသောနေရာနှင့် ပင်လယ်ကြီး သစ်တောကွင်းအတွင်းရှိ ဟာဝှစ်ဇာ လက်နက်ကြီး ၊ ၁၂၂ မမ နှင့် ၈၁ မမများ အထိုင်ချသည့်နေရာတို့အား ၂၀၂၄ခုနှစ် ဇွန်လ (၂၆) ရက်နေ့နှင့် ဇွန်လ (၂၇)ရက်နေ့တို့တွင် ခရိုင်ဒရုန်းတပ်ဖွဲ့မှ ဒရုန်းများဖြင့် ဗုံးသီး (၁၆)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဇွန်လ (၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိထားပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကာ တိုက်ခိုက်မှုလုပ်ဆောင်နေစဉ်အတွင်း စစ်ကောင်စီဘက်မှ ၁၂၀ မမ (၅)လုံး ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖ မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ပကဖ ဒရုန်းတာဝန်ခံ၏ လမ်းညွန်မှုဖြင့် ခရိုင်ဒရုန်းအဖွဲ့မှဦးဆောင်၍ သပိတ်ကျင်းမြို့နယ် ဒရုန်းအဖွဲ့ ၊ စဉ့်ကူးမြို့နယ် ဒရုန်းအဖွဲ့ နှင့် မတ္တရာမြို့နယ် ဒရုန်းအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency