ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူများအနေဖြင့် တိုကင်များကို ပတ်စပိုစ့်ပြပြီး လူကိုယ်တိုင် လာရောက် ယူရမည်

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူများအနေဖြင့် တိုကင်များကို ပတ်စပိုစ့်ပြပြီး လူကိုယ်တိုင် လာရောက် ယူရမည်
ဖေဖော်ဝါရီ 16, 2024 | အခြားဒေသများ

 ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူများ  ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့မှစ၍ တိုကင်နံပါတ်များကို ကိုယ်ပိုင် ပတ်စပိုစ့်ပြကာ ကြိုတင်ရယူရမည်ဖြစ်ပြီး ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့ နောက်ပိုင်းတွင်  အပြောင်းအလဲများကို ထပ်မံ အသိပေးကြေညာပေးသွားမည်ဖြစ်ကြောင်း ထိုင်းသံရုံးက ကြေညာလာသည်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ၏ (၁၉)၊ (၂၀) နှင့် (၂၁)ရက်နေ့တို့တွင် ဗီဇာလျှောက်ထားလိုသူများအနေဖြင့် ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်က စပြီး လျှောက်ထားမည့် လူကိုယ်တိုင် လာရောက်ကာ တိုကင်နံပါတ် ရယူနိုင်မည်ဖြစ်ပြီး တိုကင်ထုတ်ယူရာတွင်လည်း မိမိ၏ ပတ်စပိုစ့်စာအုပ်ကို ထုတ်ပြပြီးမှသာ တိုကင်နံပါတ်ပြားတစ်ခု ရရှိနိုင်မည်ဟု သိရသည်။

ပတ်စပိုစ့်စာအုပ်ပြသပြီး ထုတ်ယူရသည့် တိုကင်နံပါတ်ပြားကို တခြားသူများထံ လွှဲပြောင်းခြင်းနှင့် အတုအပ ပြုလုပ်ခြင်းများလုပ်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက (Blacklist) အမည်ပျက်စာရင်း ထည့်သွင်းသွားမည် ဖြစ်ကြောင်းလည်း သတိပေးထားရှိသည်။

မြန်မာပတ်စပိုစ့် ကိုင်ဆောင်သည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံသို့ (၁၄)ရက်ထက် မကျော်သည့် အလည်အပတ်ခရီးအဖြစ် သွားရောက်လိုပါက ဗီဇာလျှောက်ထားရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်း သွားရောက် လည်ပတ်နိုင်မည်ဖြစ်သော်လည်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေသာ သွားရောက်နိုင်မည်ဖြစ်ပြီး ဗီဇာလျှောက်ထားပြီး သူများအနေဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် မြန်မာ-ထိုင်းနယ်စပ်ဂိတ်များဖြစ်သည့် မြဝတီ နှင့် တာချီလိတ်တို့ရှိ ချစ်ကြည်ရေးတံတားကနေလည်း သွားရောက်နိုင်ကြောင်း သိရသည်။