ဝေါမြို့နယ်အတွင်း မိုးနက်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးက တိုင်၍ လူငယ်များ ဖမ်းဆီးခံရ

ဝေါမြို့နယ်အတွင်း မိုးနက်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးက တိုင်၍ လူငယ်များ ဖမ်းဆီးခံရ
ဇန်နဝါရီ 17, 2022 | အခြားဒေသများ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မိုးနက်‌ကျေးရွာအုပ်ချုပ်ရေးမှူးကို ဝေါ PDF မှ သတိပေးပြီးနောက်နေ့ ဒေသခံ(၅)ဦးကို တိုင်ကြားသဖြင့် ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

ဒလံအကြီးစားရဲ့ ဓာတ်ပုံတင်လိုက်လို့ မိုးနက်ရွာက မသက်ဆိုင်သူ(၅)ဦးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်။ လူငယ်တွေကို သံသယနဲ့ ညဘက်မှာ   ဒရွတ်တိုက်ဆွဲခေါ်သွားတာ စစ်တပ်က။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က မိုးနက်ကျေးရွာတွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်နှင့်ပေါင်းကာ ပြည်သူကို ဒုက္ခပေးနေသည့် ဝေါမြို့နယ်၊ မိုးနက်ကျေးရွာ ဒလန်အုပ်ကြီးနှင့် မိသားစုဝင်များ၏ အသက်ကို အာမ မခံတော့ကြောင်း အသိပေးအပ်ပါသည်ဟု 

ဝေါမြို့နယ် PDF က  ဓာတ်ပုံနှင့်တကွ လူမှုကွန်ယက်စာမျက်နှာ Facebook တွင် အသိပေး ရေးသားထားသည်ကိုလည်း တွေ့ရသည်။

မိုးနက်‌ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ကြံ့ဖွံ့ပါတီဝင်ဖြစ်ပြီး လက်ရှိတွင်လည်း အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးရာထူးကို ရယူထားသူဖြစ်သည်ဟု သိရသည်။