ဝန်းသိုမြို့နယ်တွင် ကလေးများစာသင်နေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ကလေး ၁၈ ဦးဒဏ်ရာရ 

ဝန်းသိုမြို့နယ်တွင် ကလေးများစာသင်နေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ကလေး ၁၈ ဦးဒဏ်ရာရ 
စက်တင်ဘာ 28, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ၀န်းသိုမြို့နယ် ဂျိုးထောင်ရွာရှိ ဘုန်းကြီးကျောင်းသို့ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့ နေ့လယ်ပိုင်းက ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအတွင်း စာသင်နေသည့် ကလေး(၁၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

၀န်းသိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ ခမရ(၁၀၂)မှ ဟောင်ဝစ်ဇာ (Howitzer)လက်နက်ကြီးဖြင့် ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ ကျည်(၃)လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

လက်နက်ကြီးကျည် ကျရောက်ချိန်သည် ဂျိုးထောင်ကျေးရွာမှ ကလေးငယ်များ ဘုန်းတော်ကြီးကျောင်းအတွင်း၌ ပညာသင်ကြားနေချိန်ဖြစ်သဖြင့် ကလေး(၁၈)ဦး ဒဏ်ရာရကာ (၆)ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့သည် စစ်ဘက်၊ အရပ်ဘက် မခွဲခြားပဲ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို  လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေသည့် ကလေး(၆)ဦး သေဆုံးခဲ့ပြီး ကလေးအများအပြား  ဒဏ်ရာရခဲ့သည်။

#TachileikNewsAgency