၂၀၂၅ ခုနှစ် ဇန်နဝါရီလ တစ်လတာအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး (၁)ဦးအပါအဝင် တပ်သားနှင့်ရဲ (၁၀၀)ကျော် ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် PDF တပ်ရင်းများနှင့် ပကဖများထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာပြီး လက်နက်မျိုးစုံ (၈၀)ကျော် ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဇန်နဝါရီလအတွင်း အရာရှိအဆင့် ဗိုလ်မှူး (၁)ဦးအပါအဝင် တပ်သားနှင့်ရဲ (၁၃၆)ဦး စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ်ပြီး လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသူ (၈၃)ဦး ရှိကြောင်း သိရသည်။
တစ်လအတွင်း လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသူများထံမှ လက်နက်မျိုးစုံ (၈၃)လက်နှင့် ခဲယမ်းမီးကျောက်များ ရရှိခဲ့ပြီး ၊ လက်နက်ယူဆောင်လာသူများအား သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့် ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်း အသိပေးထားသည်။
စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်နီးပါး ကာလအတွင်း စစ်သား (၃၈၇၂)ဦးနှင့် ရဲ (၁၀,၈၈၈)ဦး စစ်ကောင်စီတပ်ကို စွန့်ခွာကာ အလင်းဝင်ရောက်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: Ministry of Defence - National Unity Government of Myanmar