စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ခပ်မွန်ကျေးရွာ၏ အနောက်ခြမ်းရှိ နေအိမ်များကို အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်တပ်သားများက မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
အာဏာသိမ်းစစ်အုပ်စုသည် ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်က စပြီး ခင်မွန်ကျေးရွာ ကားလမ်း၏ အရှေ့နှင့်အနောက်တို့တွင် အင်အား(၃၀)ဝန်းကျင်စီ နှစ်ဖွဲ့ခွဲပြီး ဝင်ရောက်လာကာ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် ခပ်မွန်ကျေးရွာ၏ အနောက်ဘက်ခြမ်းရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း Khin Mon Revolution ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
" ပြည်သူအများအပြား ပိတ်မိနေပြီး ရွာထဲမှာလဲ လက်နက်ကြီးတွေ၊ သေနတ်တွေ ဆက်တိုက်ပစ်ဖောက်နေပါတယ်။ လောလောဆယ်ထိ ရွာတွင်း အခြေအနေအတိအကျကို မသိရသေးပါဘူး။"ဟု Khin Mon Revolution က ဆိုသည်။
အာဏာသိမ်းစစ်အုပ်စုသည် ကျေးရွာများအတွက် တစ်ရွာဝင် တစ်ရွာထွက်ကာ PDF များအား ရှင်းလင်းရေးအဖြစ် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို လက်နက်အားကိုးဖြင့် ဖမ်းဆီးနှိပ်စက်ခြင်း အပြင် အမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းများပါ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။