အင်တာနက် အွန်လိုင်းပေါ်တွင် နည်းမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှုများရှိနေရာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် နှင့် ကျိုင်းတုံမြို့မှ Facebook အသုံးပြုသူများကို ဦးတည်ပြီး တာချီလိတ် နှင့် ကျိုင်းတုံ အမည်ပါသည့် Facebook Group များတွင် အုပ်စုဖွဲ့ကာ လိမ်လည်မှုများ နေ့စဉ် နီးပါးရှိနေကြောင်း သိရသည်။
"သူတို့လိမ်နည်းက မျိုးစုံပဲ 'Tachileik အဟောင်းဆိုင်'Groupထဲမှာ အုပ်စုလိုက် လိမ်နေတာ။ လူတွေက တခုခုလိုချင် သိချင်လို့ ပို့စ်တင်မေးရင် သူတို့တွေက အကောင့်တခုကို ဝိုင်းပြီးတော့ Mention ခေါ်ပြီး သူ့နားက အဆင်ပြေတယ် ဘာညာဆိုပြီး အုပ်စုလိုက်က Mention လုပ်ပေးကြတော့ တကယ်လိုအပ်နေသူကလည်း သိပ်မစဉ်းစားကြတော့တာများတယ်။ အဲ့လိုနဲ့ အလိမ်ခံရတော့တာ။"ဟု အမျိုးသမီးတစ်ဦးက ပြောပြသည်။
လိမ်သည့် အုပ်စုသည် ၎င်းတို့၏ ပုံနှင့်အမည်ကို အစစ်အမှန် အသုံးပြုခြင်း မဟုတ်ဘဲ အခြားဒေသက လူများ၏ ပုံနှင့်အမည်ကို ယူပြီး သုံးစွဲလေ့ရှိကြောင်း သိရသည်။
"Group တိုင်းမှာ သူတို့တွေ ရှိကြတယ် စောင့်ကြည့်ရသလောက်တော့ 'Tachileik အဟောင်းဆိုင်' ထဲမှာ အတော်လိမ်ခံရသူများတာကို တွေ့ရတယ်။ တော်တော်များများက အကောင့်အစစ်တွေ ပုံအစစ်တွေ နာမည်အစစ်တွေ မသုံးကြဘူး။ သူများပုံတွေ သူများနာမည်တွေကို ယူသုံးပြီး လုပ်တာများတယ်။"ဟု လေ့လာစောင့်ကြည့်သူ လူငယ်တစ်ဦးက ပြောသည်။
လိမ်လည်သည့် အုပ်စုသည် ယုံကြည်အောင် ပြသ ပြောဆိုပြီးနောက် ပစ္စည်းအရောင်း နှင့် ဝန်ဆောင်မှုများအတွက် ငွေကြိုတင်လွှဲခိုင်းပြီးနောက် ငွေလွှဲ လက်ခံရှိပြီးပါ Block သွားလေ့ရှိကြောင်း သိရသည်။
"ကျွန်မတုန်းကလည်း Wechat အကောင့် အရေးတကြီးလိုလို့ ပိုစ့်တင်မေးလိုက်တော့ ပိုစ့်အောက်မှာ Mention လုပ်ပြီး ညွှန်ပေးနေတော့ ယုံကြည်ပြီး ကျွန်မလည်း အရေးတကြီးလိုနေတာနဲ့ မစဉ်းစားတော့ဘဲ ဆက်သွယ်ပြီး လုပ်လိုက်တယ်။ သူတို့က ငွေအရင်လွှဲခိုင်းတယ် ကျွန်မလည်း လိမ်လိမ့်မယ်လို့ မထင်ထားတော့ အရင်လွှဲပေးလိုက်တာ ကျပ်(၁၇၀,၀၀၀)ပါသွားတယ်။ အကောင့်လည်းမရသလို သူတို့က ငွေရပြီးတဲ့နောက် ကျွန်မ အကောင့်ကို Block သွားတယ်။ သူတို့တွေက Group တိုင်းလိုလိုမှာ အဲ့လိုမျိုးတွေ လိုက်လိမ်နေတာ တော်တော်များများတွေ့ရတယ်။"ဟု တာချီလိတ်မြို့မှ အလိမ်ခံရသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။
Facebook တွင် Group တည်ထောင်ထားကြသည့် Admin များသည် မိမိတို့၏ Group အတွင်း ဖြစ်ပျက်နေမှုများကို စောင့်ကြည့်မှု အားနည်းပြီး မည်သည့်အကောင့်က လိမ်သည့် အကောင့်ဖြစ်ကြောင့် ပိုစ့်တင်ပြီး အသိပေးသော်လည်း လိမ်သည့် အကောင့်ကို ထုတ်ပယ်ခြင်း နည်းပါးသည်ဟု ဆိုသည်။
"Group တိုင်းလိုလိုမှာ လိမ်ခံရတဲ့ ပိုစ့်တွေ တက်လာတယ်။ ဘယ်အကောင့်နဲ့လိမ်တယ်ဘာညာဆိုတာကို စကန်ရှော့လုပ်ပြီး ပိုစ့်တင်တဲ့အခါ Admin တွေကလည်း လိမ်တဲ့အကောင့်ကို မဘမ်းကြတာများတယ်။ Admin တွေ အနေနဲ့လည်း မန်ဘာတွေအတွက် စိစစ်တာများ လုပ်စေချင်တယ်။ အခုနောက်ပိုင်းက လိမ်ခံရသူတွေက အရမ်းများလာနေတယ်။ တော်တော်များများက အယုံလွယ်တာရယ် စိစစ်မှု အားနည်းတာရယ်ကြောင့် အလိမ်ခံကြရတာ"ဟု လူငယ်တစ်ဦးက ပြောသည်။
အလားတူ ကျိုင်းတုံမြို့တွင်လည်း ကျိုင်းတုံအမည်ပါသည့် Facebook Group များနှင့် ကျိုင်းတုံ ဈေးတန်း အမည်ပါသည့် Group များတွင် လိမ်ခံရသူ တော်တော်များများရှိနေကြောင်းလည်း သိရသည်။
"ကျွန်မလည်း ကျိုင်းတုံ ဈေးတန်း Group တခုမှာ မိုင်းလားက တင်ရောင်းတဲ့ ပစ္စည်းကို ကြိုက်လို့ ဝယ်ဖို့ မေးလိုက်တော့ မိုင်းလားကနေ ပို့ပေးမယ်အဲ့အတွက် ငွေတစ်ဝက် ကြိုရှင်းရမယ်ဆိုပြီး ကျပ်(၅၀,၀၀၀)အရင်ရှင်းခိုင်းတော့ Kpay ကနေ လွှဲပေးလိုက်တာ။ နောက် (၂)ရက်လောက် ပစ္စည်းမရောက်လာတော့ အကောင့်ကို ကြည့်လိုက်တော့ တဖက်က Block သွားရော။ ကျွန်မလိုပဲ တခြားနည်းနဲ့ လိမ်ခံရသူတွေလည်း ရှိနေကြတယ်"ဟု လိမ်ခံရသည့် ကျိုင်းတုံဒေသခံ တစ်ဦးက ပြောပြသည်။
ကုန်ပစ္စည်းအရောင်း နှင့် ဝန်ဆောင်မှုအပြင် အလုပ်အကိုင် လိုအပ်နေသူများကိုလည်း အလုပ်ရှာဖွေရေးအေးဂျင်အဖြစ် ဟန်ဆောင် လိမ်လည်ပြီး ငွေလွှဲသည့် ဖြစ်စဉ်များစွာလည်း ရှိနေသည်။
"ကျွန်တော်က တာချီလိတ်ဒေသခံ မဟုတ်ပါဘူး နယ်က လာတာ။ အလုပ် လိုလို့ တာချီလိတ်က Group တခုထဲ ဝင်ပြီး ပိုစ့်တင် မေးလိုက်တော့ အလုပ်ရှိတယ် ဘာညာပြောပြီး ချိတ်ပေးခအနေနဲ့ ကျပ်(၃၀,၀၀၀)လွှဲပေးရမယ်ပြောလို့ ကျွန်တော်လည်း အလုပ်လိုတာနဲ့ Kpay ကနေ လွှဲပေးလိုက်တာ နောက်တော့ အကောင့်ကို Block သွားတယ်။ ကျွန်တော်တော့ အလုပ်လည်းမရ ငွေလည်းဆုံးတာပဲ"ဟု လိမ်ခံရသည့် ကိုကျော်ခိုင် က ပြောသည်။
မည်သည့် ဒေသတွင်မဆို Facebook Group ပေါ်တွင် နည်းမျိုးစုံဖြင့် လိမ်လည်သည့် အုပ်စုများရှိနေပြီး လိမ်လည်မှုကို ကာကွယ်ရန်မှာ အချက်အလက် စိစစ်ခြင်း၊ ၎င်း၏ အကောင့်ကနေ ပိုစ့်တင်ထားပါက ကော်မန့်များကို စစ်ဆေးကြည့်ခြင်း အပြင် မသင်္ကာပါက vdo call ပြီးမှ သက်သက်ရယူသင့်သည်ဟု နည်းပညာရှင် တစ်ဦးက အကြံပြုသည်။
"Facebook ပေါ်က အရောင်းအဝယ်တွေနဲ့ ဝန်ဆောင်မှုတွေကို ရယူမယ်ဆိုရင် အယုံမလွယ်ဖို့ အရေးကြီးတယ်။ ငွေကြိုလွှဲခိုင်းတယ်ဆိုရင် အလိမ်မခံရအောင်နဲ့ ပိုပြီး စိတ်ချရအောင် လုပ်နည်းတစ်ခုကတော့ တစ်ဖက်က လူကို စိတ်တော့မရှိပါနဲ့ vdo call ပါရစေလို့ ပြောရင် ပိုကောင်းလိမ့်မယ်။ ဟိုဘက်က ရိုးသားရင်တော့ လက်ခံပါလိမ့်မယ်။ ဟိုဖက်က မရိုးသားရင်တော့ အကြောင်းပြချက်ပေးပြီး ငြင်းလာလိမ့်မယ်။ ဒါဆိုရင်တော့ သူတို့ရဲ့ပစ္စည်းတွေ ဝန်ဆောင်မှုတွေကို မရယူသင့်ဘူး။ ကာကွယ်နည်း နည်းလမ်းကတော့ ဒီနည်းလမ်းက အကောင်းဆုံးပါပဲ"ဟု Facebook Page များကို Boost ဝန်ဆောင်မှုပေးနေသည့် ကိုသူရိန်က Tachileik News Agency ကနေတဆင့် အကြံပြုသည်။
လူမှုကွန်ရက်များပေါ်တွင် လိမ်လည်သည့် အုပ်စုများမှာ Facebook Group ပေါ်တွင် အလှကုန်နှင့်စားသုံးကုန် ပစ္စည်းရောင်းချခြင်း၊ Wechat အကောင့် ဝန်ဆောင်မှုပေးခြင်း၊ ကား/ဆိုင်ကယ် ရောင်းချခြင်း နှင့် အလုပ်ရှာဖွေရေးဝန်ဆောင်မှု စသည့် အရောင်းအဝယ်နှင့်ဝန်ဆောင်မှု ပြုလုပ်ပေးသူများအဖြင့် ဟန်ဆောင်ပြီး လိမ်လည်ကြခြင်း ဖြစ်ပြီး ၎င်းတို့သည် Wave Money နှင့် KBZpay စသည့် ငွေလွှဲဝန်ဆောင်မှု တစ်ခုခုကနေ ကြိုတင် ငွေလွှဲခိုင်းလေ့ရှိကြသည်။