စစ်ကောင်စီက ကျင်းပရန် လုံးပမ်းနေသည့် ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံက အကူအညီများရမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့က နေပြည်တော်၌ တရုတ်ခရီးစဉ် ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုအပါအဝင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လိုအပ်သည့်ကူညီမှုများကို တရုတ်နိုင်ငံက ထောက်ပံ့ကူညီမည်ဟု ပြောထားကြောင်း စစ်ခေါင်းဆောင်က ဆိုထားခြင်းဖြစ်သည်။
နိုင်ငံတွင်း နယ်မြေအများအပြားကို တော်လှန်ရေးအင်အားစုများထံ ဆုံးရှုံးထားရပြီး နယ်မြေအကန့်အသတ်ဖြင့် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်ကောင်စီက နိုင်ငံ့လူဦးရေ၏ (၆၃)ရာခိုင်နှုန်းကျော်ကို သန်းခေါင်စာရင်းကောက်ယူပြီးစီးသွားပြီဟု ဆိုထားကာ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ကျင်းပမည်ဟုဆိုသည်။
တရုတ်နိုင်ငံတွင် ယခုလအတွင်း ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတက်ခွင့်ရခဲ့သည့် စစ်ခေါင်းဆောင်က တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် သီးခြားဆွေးနွေးခွင့်ရခဲ့ကာ စစ်ကောင်စီ၏ ဆောင်ရွက်ချက်များအပေါ် ပြတ်ပြတ်သားသားရပ်တည်သည့် ပြောကြားချက်များရရှိခဲ့သည်ဟု ဆိုထားသည်။
၎င်းအနေဖြင့် တရုတ်နိုင်ငံခရီးအတွင်း အစည်းအဝေးတက်လာကြသည့် အာရှ (၄)နိုင်ငံမှ ဝန်ကြီးချုပ်များအား တွေ့ကာ ၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှုကြောင့် အာဏာသိမ်းခြင်းဖြစ်ကာ ၎င်းတို့က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းရေးနှင့် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ရေး လုပ်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်ဟုလည်း ဆိုသည်။