ဂန့်ဂေါခရိုင် အေးသစ္စာစစ်ရှောင်စခန်းကို YPDF နှင့် ယောမြေစစ်ရှောင်ကူညီရေးကွန်ယက် ပူးပေါင်းပြီး ဆန်လှူဒါန်း

ဂန့်ဂေါခရိုင် အေးသစ္စာစစ်ရှောင်စခန်းကို YPDF နှင့် ယောမြေစစ်ရှောင်ကူညီရေးကွန်ယက် ပူးပေါင်းပြီး ဆန်လှူဒါန်း

 မကွေးတိုင်း ယောဒေသ ဂန့်ဂေါခရိုင် အေးသစ္စာစစ်ရှောင်စခန်းမှ စစ်ဘေးရှောင် ပြည်သူများအား ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် ယောမြေစစ်ရှောင်ကူညီရေးကွန်ယက်တို့ ပူးပေါင်းပြီး ဆန်လှူဒါန်းကြောင်း သိရသည်။

အေးသစ္စာစစ်ရှောင်စခန်းမှ အိမ်ထောင်စု (၂၅၉)စုအတွက် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် အိမ်ထောင်စုတစ်စုလျှင် ဆန်လေးပြည်နှုန်းဖြင့် စုစုပေါင်း ဆန် (၆၄) တင်းနှင့် (၁၂) ပြည် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယောဒေသ ဂန့်ဂေါမြို့နယ်တွင် စပါးအဓိကထွက်သည့် ဒေသများသည် ပျူစောထီးများ ကြီးစိုးရာ နယ်မြေဖြစ်နေသည့်အတွက် စပါးအထွက်နှုန်းများ ကျဆင်းနေပြီး ၊ လက်ရှိယောနယ်တွင် လုပ်ကိုင်နေကြသည့် လယ်မြေမှ ထွက်သည့် စပါးများသည်လည်း ဒေသတွင်း ဝမ်းစာအတွက် လုံလောက်မှုမရှိကြောင်း သိရသည်။

 

စစ်ကောင်စီနှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာမှ နေအိမ်များ မီးလောင်ပျက်စီးပြီး စစ်ရှောင်စခန်းတွင် နေထိုင်ကြရသည့် ပြည်သူများသည် စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေကြရကြောင်း ယောမြေစစ်ရှောင်ကူညီရေးကွန်ယက်က ဆိုသည်။

နိုင်ငံအနှံ့တွင် စစ်ကောင်စီက တင်းကျပ်လိုက်သည့် ဥပဒေအမျိုးမျိုးများ၊ မြင့်တက်လာသည့် ကုန်ဈေးနူန်းနှင့် အထွေထွေကျပ်တည်းမှုများကြောင့် စစ်ဘေးရှောင်စခန်းများတွင် အထောက်အပံ့နှင့် အကူအညီရရှိမှုများ ယခင်ကထက် ပိုမိုနည်းပါးလာကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနိူင်းရေးရုံး-UNOCHA Myanmar ၏ ၂၀၂၄ ခုနှစ် မတ်လ (၁၉)ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနှံ့ စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူ (၃)သန်းနီးပါး ရှိလာပြီဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီပေးရန် ရန်ပုံငွေ လိုအပ်ချက်များ ရှိနေကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: ယောမြေ စစ်ရှောင်ကူညီရေး ကွန်ယက်