ကရင်ပြည်နယ်အတွင်း လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခလယ်ဒေးစစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တပ်ရင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းနှင့် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ စခန့်စွန့်ခွာ ထွက်ပြေးသွားကြကြောင်း သိရည်။
ခလယ်ဒေး စစ်ကောင်စီတပ်စခန်းအား NLA တပ်မဟာ(၇)တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂)နှင့် တပ်ရင်း (၂၄)တို့က ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU ဗဟိုက ယနေ့ ၂၀၂၅ခု နှစ် မတ်လ(၂၆)ရက်နေ့တွင် ထုတ်ပြန်သည်။
မတ်လ (၂၂) ရက်နေ့မှစတင်၍ အဆိုပါ စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကလည်း မတ်လ (၂၄)ရက်နေ့တွင် ဂျက်ဖိုက်တာ (၂)စင်းဖြင့် ပေါင် (၅၀၀)ဗုံး (၄)လုံး၊ Y-12 ဖြင့် ဗုံး(၃၆)လုံးခန့် ပြန်လည်ကြဲချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
မတ်လ(၂၅)ရက်နေ့တွင် KNLA တပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများမှာ ၎င်းတို့၏ လက်နက်ခဲယမ်းများအား မီးရှို့ဖျက်ဆီး၍ စခန်းမှထွက်ပြေးသွားသည်ဟု သိရသည်။
“စခန်းကတော့ အပြီးသတ် သိမ်းနိုင်ခဲ့ပြီ။ စစ်ကောင်စီ တပ်သားတွေ (၂)ဖွဲ့ ခွဲပြေးကြလို့ လိုက်လံရှင်းလင်းနေဆဲ ပါ။”ဟု KNLA ရဲဘော်တစ်ဦးက Tachileik News Agency ကို ယမန်နေ့က ပြောသည်။
ခလယ်ဒေးစခန်းအား ရှင်းလင်းစဉ်အတွင်း စစ်ကောင်စီတပ်သား (၂)ဦး၏ အလောင်းအား တွေ့ရှိခဲ့ရပြီး စခန်းအတွင်းမှ ပွိုင့် (၅)တစ်လက်၊ ပွိုင့် (၅)ပြောင်း (၂) ချောင်း၊ ၆၀ မမ အရှည် (၁) လက်၊ ၆၀ မမ အတို (၁) လက်၊ RPG-7 (၁) လက်၊ MA-2 (၃) လက်၊ Jammer (၁) လုံး၊ မီးစက် အကြီး (၁) လုံး၊ မီးစက် အသေး (၁) လုံး၊ မိုင်းရှာစက် (၁) ခု၊ ရှေ့ထွက်မိုင်း (၆) လုံး၊ ၁၆ နင်းမိုင်း (၂) လုံး၊ ၆၀ မမ ကျည် (၂၇) လုံး၊ ခွေးဗုံး (၁) လုံး၊ ၈၁ မမ ကျည် (၂) လုံး၊ ၄၀ မမ ကျည် (၃၂) လုံး၊ RPG-7 ကျည် (၁၄) လုံး၊ ၇.၆၂ ကျည် (၂) သောင်း၊ ၅.၅၆ ကျည် (၈) ထောင်၊ တိုက် မိုင်း (၆၀) လုံး၊ ခမောက် (၈) လုံး၊ ဆိုလာ (၄) ချပ်တို့အား သိမ်းဆည်းရရှိသည်ဟု သိရသည်။
ခလယ်ဒေး စစ်ကောင်စီတပ်စခန်းသည် ၁၉၈၉ ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် ဒေသထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော စခန်းတစ်ခုဖြစ်သည်။
အဆိုပါစခန်း စတင် တည်ဆောက်သည့် အချိန်မှစပြီး ဒေသခံပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ လှုပ်ရှား သွားလာ နေထိုင်လုပ်ကိုင်စားသောက်ခွင့် အကန့်သတ်ခံခဲ့ရသည်ဟု သိရသည်။