သံတွဲမြို့နယ် ရေတပ်စခန်းအနီးရှိ မြာဝရွာကို နေဗီနှင့် လေယာဉ်တို့က ပစ်ခတ်နေခြင်းကြောင့် တစ်ရွာလုံးကို AA ပြောင်းရွှေ့ပေးထားရ

သံတွဲမြို့နယ် ရေတပ်စခန်းအနီးရှိ မြာဝရွာကို နေဗီနှင့် လေယာဉ်တို့က ပစ်ခတ်နေခြင်းကြောင့် တစ်ရွာလုံးကို AA ပြောင်းရွှေ့ပေးထားရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တစ်ခုတည်းသောကျန်ရှိတော့သည့် မောင်ရွှေလေးရေတပ်စခန်းအနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး ရေတပ်စခန်းအနီးရှိရွာများကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ရေတပ်တို့မှ ပစ်ခတ်တိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေရာ ရေတပ်စခန်းနှင့် (၂)မိုင်ဝန်းကျင်ဝေးသည့် မြာဝကျေးရွာကို စစ်ကောင်စီတပ်၏ နေဗီက ပင်လယ်ကမ်းစပ်ရှိ ဝက်ထီးတောင်အနီးမှ လက်နက်ကြီးနှင့်ပစ်နေသည်ဟု သိရသည်။

“ဝက်ထီးတောင်ကနေ မြာဝကို နေဗီကနေဆက်တိုက် လက်နက်ကြီးနဲ့ပစ်နေတယ်။ မြာဝကလူတွေကို တပ်တော်က မနေ့ကပဲ ရှောင်ခိုင်းထားလို့ အထိအခိုက်တော့မရှိဘူး။ အပြန်အလှန်ပဲပစ်နေကြတာက။”ဟု ဒေသခံတစ်ဦးက ယမန်နေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၇)ရက်နေ့ နံနက်ပိုင်းအခြေအနေကို Tachileik News Agency ကိုပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့်လည်း ညနေ(၆)နာရီခွဲဝန်းကျင်တွင် မြာဝရွာကို ပျံဝဲပစ်ခတ်ခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများပြုလုပ်နေသည်ဟု ဆိုသည်။

“မြာဝဆိုတာ ကျီးကန်းရဲရွာနဲ့ ရေတပ်စခန်းနားလို့ပြောလို့ရတယ်။ ရေတပ်မှာတိုက်ပွဲပြင်ထန်နေတာ။ အခုအချိန်ထိလည်း လေယာဉ်နဲ့ဆက်တိုက်ပဲ ပစ်ခတ်နေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲ-ကျိန္တလီမြို့နယ်အစပ် ကျောက်ခေါင်းကွင်းကိုလည်း ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က Y 12 လေယာဉ်ဖြင့် (၂)ကြိမ် ဗုံးလာကြဲရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး (၆)ဦးထက်မနည်းဒဏ်ရာရကာ စေတီကွင်းဘုန်းကြီးကျောင်းလည်း ပျက်စီးသွားသည်ဟု သိရသည်။ 

သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်၏ ခမရ(၅၆၆)တပ်ကို ဇွန်လ(၂၇)ရက်နေ့နှင့် ခလရ(၅၅)တပ်ကို ဇူလိုင်လ(၉)ရက်နေ့တွင် AA က သိမ်းပိုက်ထားပြီး ငပလီနှင့် မြို့တွင်းကိုလည်း ထိန်းချုပ်ထားပြီဖြစ်သည်။

#TachileikNewsAgency