ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာသဖြင့် မီတာခတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကြေညာ

ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာသဖြင့် မီတာခတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကြေညာ
သြဂုတ် 31, 2024 | 2021 Military Coup

လျှပ်စစ်ဓာတ်အား ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာသဖြင့် မီတာခတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြင်ဆင်ကောက်ခံမည့် လျှပ်စစ်နှုန်းထားများမှာ အိမ်သုံးအမျိုးအစား (နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲတည်း (အိမ်သုံး)၊ စီးပွားရေးလုပ်ငန်းမပါသော ဘာသာ/သာသနာအဆောက်အအုံ) သည် (၁) ယူနစ် မှ (၁၅) ယူနစ်အထိ (၅၀) ကျပ်၊ (၅၁) ယူနစ် မှ (၁၀၀) ယူနစ်အထိ (၁၀၀) ကျပ်၊ (၁၀၁)ယူနစ် မှ (၂၀၀) ယူနစ်အထိ (၁၅၀) ကျပ်၊ (၂၀၁) ယူနစ်နှင့်အထက် (၃၀၀) ကျပ် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အိမ်သုံးမဟုတ်သည့်အမျိုးအစား (စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊အစိုးရဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/လုပ်ငန်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ) သည် (၁)ယူနစ် မှ (၅၀၀၀) ယူနစ်အထိ ၂၅၀ ကျပ်၊ (၅၀၀၁)ယူနစ် မှ (၂၀၀၀၀) ယူနစ်အထိ (၄၀၀) ကျပ်၊ (၂၀၀၀၁) ယူနစ်နှင့်အထက် (၅၀၀) ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“ပါးပါးခြင်း အစ်မတို့ သာမန်ပြည်သူတွေကို အလှီးခံနေရသလိုပဲမြင်တယ် ၊ မီတာခကလည်း မမှန်ဘူး ။ အတိအကျ ကောက်တယ်မရှိဘူး ၊ သုံးတာထက် ပိုကောက်နေတယ် ။ နေပြည်တော်လိုနေရာမျိုးမှာ အဲယားကွန်းတွေသုံးနေတာ (၂)သောင်းလောက်ပဲကျပြီး ၊ ကိုယ့်အိမ်မှာ မီးမမှန်ဘဲ ၊ TV ပါ မကြည့်တာတောင် အမြဲ (၂) သောင်းကျော်ကျနေတယ် ။ မဖြစ်မနေကတော့ သုံးနေရတာပေါ့”ဟု နေပြည်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် CDM ဝန်ထမ်းတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

ပြင်ဆင်ကောက်ခံမည့် လျှပ်စစ်နှုန်းထားများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency