ဖဲရိုက်နေသည့် ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ဖဲရိုက်နေသည့် ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်နှင့် သာယာဝတီမြို့နယ်အစပ် ပိန်းရှိုလေးရွာနေအိမ်တွင် ဖဲရိုက်နေသည့် ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူး၊ ပျူစောထီးခေါင်းဆောင် ဝင်းမောင်ဆိုသူ ၂၀၂၄ခုနှစ် ဇွန်လ (၁၉)ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သိရသည်။

သဲဖြူ-ပိန်းရှိုလေးရွာနေ ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူး ဝင်းမောင်ဆိုသူကို သာယာဝတီဂဠုန်တပ်ဖွဲ့က ၎င်းဖဲရိုက်နေသည့် ပိန်းရှိုလေးရွာနေအိမ်သို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းမောင်ဆိုသူသည် ပိန်းရှိုလေးရွာ၏ ရာအိမ်မှူးအဖြစ်လည်း လုပ်ကိုင်ပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် စစ်တပ်ထောက်ခံပွဲများအတွက် လူစုဆောင်းပေးသူဖြစ်ကြောင်းလည်း သိရသည်။

ပစ်ခတ်ရှင်းလင်းရာတွင် အခြားမသက်ဆိုင်သူများကို အန္တရာယ်မပြုဘဲ ဖဲဝိုင်းအတွင်းမှ သေဆုံးသူ၏ ဆိုင်ကယ်နှင့် စာရွက်စာတမ်းများ၊ မှတ်ပုံတင်၊ ကြံ့ဖွံ့ပါတီဝင်ကတ်ပြား၊ ဖုန်းတစ်လုံး၊ ဖဲဝိုင်းအတွင်းမှ ငွေကျပ်(၃)သိန်း၊ ရွှေဆွဲကြိုး(၁)ကုံးနှင့် လက်စွပ်(၁)ကွင်းတို့ကို သိမ်းဆည်းခဲ့သည်ဟု သိရသည်။

သိမ်းဆည်းရရှိခဲ့သည့် ရွှေ၊ ငွေကြေးများကို သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းများထံ အပ်နှံပေးသွားမည်ဟုလည်း သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: သာယာဝတီဂဠုန်တပ်ဖွဲ့