ဓားထိုးမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ကျမခံနိုင်၍ စစ်ထဲဝင်ခဲ့သူကို TPDF ဖမ်းဆီးရမိ

ဓားထိုးမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ကျမခံနိုင်၍ စစ်ထဲဝင်ခဲ့သူကို TPDF ဖမ်းဆီးရမိ
စက်တင်ဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ မြိတ်ခရိုင် ခြေလျင်တပ်ရင်းအမှတ်(၁၀၃)မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၉)ရက်နေ့တွင် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)က ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ စက်တင်ဘာလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထားဝယ်မြို့နယ် ရေနက်ဆိပ်ကမ်းဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် အဆိုပါစစ်ကြောင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ မြိတ်ခရိုင်ခြေလျင် တပ်ရင်းအမှတ် (၁၀၃)မှ တပ်သားဖြိုးမင်းထွန်း အသက် (၁၉)နှစ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဖမ်းဆီးရမိစဉ် စစ်ကောင်စီတပ်မှ ၎င်းအား မြိတ်မှ ရေနက်ဆိပ်ကမ်းသို့ ပေါ်တာဆွဲလာသည်ဟု လိမ်လည်ပြောဆိုခဲ့ပြီး ထပ်မံစစ်ဆေးမေးမြန်းရာ မြိတ်ခရိုင်ခြေလျင် တပ်ရင်းအမှတ်(၁၀၃)မှ စစ်ကောင်စီတပ်သားဖြစ်နေသည်ကို သိရှိခဲ့ရကြောင်း သိရသည်။

၎င်းသည် ဧရာဝတီတိုင်းဇာတိဖြစ်ပြီး လွန်ခဲ့သော(၉)လခန့်က ဓားထိုးမှုဖြင့် ဖမ်းဆီးခံရပြီး ထောင်မကျလိုလျှင် စစ်တပ်တွင် တာဝန်ထမ်းဆောင်ရမည်ဟုဆိုခြင်းကြောင့် စစ်ကောင်စီတပ်သားဖြစ်လာခဲ့သည်ဟု ဆိုသည်။

ထို့နောက် ၎င်းလိုက်ပါလာသည့် စစ်ကြောင်းမှ ညဘက်ကင်းကျချိန်တွင် ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားမည်ဖြစ်ကြောင်း ပြောဆိုရာ TPDFက NUG လက်အောက်ခံ ထားဝယ်ခရိုင်တပ်ရင်း(၁)ထံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency