အိုးဘိုထောင်ရှိ အကျဉ်းဆောင်များတွင် သတ်မှတ်လူဦးရေထက် အဆမတန် စုပြုံထားသဖြင့် အကျဉ်းသားများ နေရာအခက်အခဲကြုံတွေ့နေရ

အိုးဘိုထောင်ရှိ အကျဉ်းဆောင်များတွင် သတ်မှတ်လူဦးရေထက် အဆမတန် စုပြုံထားသဖြင့် အကျဉ်းသားများ နေရာအခက်အခဲကြုံတွေ့နေရ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မြောက်ပြင် အိုးဘိုရပ်ကွက်တွင်တည်ရှိသည့် အိုးဘိုထောင်ရှိ အကျဉ်းဆောင်များတွင် သတ်မှတ်လူဦးရေထက် နှစ်ဆသုံးဆခန့် စုပြုံထားသဖြင့် အကျဉ်းသားများ နေရာအခက်အခဲကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် အကျဉ်းသားများအပေါ်  ဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်မှုဖြင့် နာမည်ဆိုးနှင့်ကျော်ကြားသောထောင်များတွင် မန္တလေးဗဟိုအကျဉ်းထောင်ပါဝင်ပြီး စစ်တပ်၏ အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများကြောင့် အိုးဘိုအကျဉ်းထောင်အတွင်း လူဦးရေမှာ များပြားလွန်းသဖြင့် ကျောတစ်ခင်းစာနေရာ၌ပင် ကြပ်တည်းစွာ အိပ်နေကြရကြောင်း PPNM မှ သတင်းထုတ်ပြန်သည်။

မန္တလေးဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား ၅၀ ခန့်သာ ပုံမှန်ထားလေ့ရှိသောအဆောင်များတွင် လူဦးရေ ၁၀၀/၁၅၀ ခန့်ဖြင့် စုပြုံကာ ထားနေပြီး ထပ်ခိုးရှိသောအဆောင်ခန်းများတွင် ၂၀၀ ဦးခန့်အထိ စုပြုံထားကြောင်းသိရသည်။ 

ထို့ကြောင့် ညအိပ်ယာဝင်လျှင်လည်း တစ်ယောက်နှင့်တစ်ယောက် ထပ်လုနီးပါးအိပ်ရပြီး နွေရာသီအချိန်များတွင် အကျဉ်းသူ/အကျဉ်းသားများ နေမရအောင် အပူဒဏ်ခံစားနေကြရကြောင်း သိရှိရသည်။

ယခုကာလသည် မိုးရာသီသို့ရောက်ရှိလာသည့်အတွက် အဝတ်အစားများ ခြောက်ဖို့ခဲယဥ်းခြင်း၊အဝတ်အထည် လုံလောက်စွာမရှိခြင်းများကြောင့် အကျဥ်းသားများးသည် ယားနာနှင့် ပွေးဝဲများ ပေါက်လျှက်ရှိကြောင်း PPNM မှ ဆိုသည်။

ထို့အပြင် နေရာကိစ္စနှင့်စပ်လျဉ်းပြီး နိုင်ငံရေးအကျဉ်းသူတစ်ဦးနှင့် အခြားအမှုအကျဉ်းသူတစ်ဦး စကားများကြပြီး အဆိုပါနိုင်ငံရေးအကျဉ်းသူကို ထောင်အာဏာပိုင်များက တိုက်ပိတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ယက်၏ စုံစမ်းဖော်ထုတ်မှုအရ သိရသည်။

အဆိုပါ နေရာမလုံလောက်မှုကြောင့် အမျိုးသမီးဆောင်ရှိ ကိုယ်ဝန်သည်အကျဉ်းသူများနှင့် ကလေးများလည်း အပူနာများ၊ မိတ်ဖုများ စွဲကပ်ခံစားနေရကြရကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)သည် မြန်မာပြည်အနှံရှိ အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ ဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency