ချင်းပြည်အတွင်း လက်တလောဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများကို အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးပြီး ညှိနိူင်းအဖြေရှာသွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီဆို

ချင်းပြည်အတွင်း လက်တလောဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများကို အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးပြီး ညှိနိူင်းအဖြေရှာသွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီဆို

ချင်းပြည်နယ်အတွင်း လက်တလောဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများကို အဖွဲ့အစည်းအချင်းချင်းအကြား တွေ့ဆုံဆွေးနွေး ညှိနိူင်းအဖြေရှာသည့် နည်းလမ်းဖြင့် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်သွားရန်  ချင်းပြည်ကောင်စီ၏ ဆဌမအကြိမ် ပုံမှန်အစည်းအဝေးအတွင်း ဆွေးနွေးကြောင်း သိရသည်။

ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီ ဆဌမအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့အထိ လေးရက်တာကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းများအကြား ညှိနိူင်းအဖြေရှာသွားရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလေးရက်တာအစည်းအဝေးတွင် ချင်းပြည်ကောင်စီတွင် ပူးပေါင်းပါဝင်ခြင်းမရှိသော အဖွဲ့များပါဝင်နိုင်ရေး၊ ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများအား ချင်းပြည်အစိုးရတပ်ဖွဲ့အနေဖြင့် အမြန်ဆုံးသိမ်းပိုက်နိုင်ရေးတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ချင်းပြည်နယ်အတွင်း ချင်းပြည်သူများအကြား စိတ်ဝမ်းကွဲပြားစေရန် သတင်းအမှားများနည်းမျိုးစုံဖြင့် ဖြန့်ဝေနေမှုကို ချင်းပြည်သူများ အခြေအနေအမှန်၊ အဖြစ်မှန်၊ သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်အတွက် ချင်းပြည်ပြန်ကြားရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ကန်ပက်လက် ၊ မင်းတပ် ၊ မတူပီ နှင့် ပလက်ဝမြို့နယ်များရှိ ဒိုင်ရ်မျိုးနွယ်စုများ တစ်စုတစ်ဖွဲ့တည်းဖြင့် ပေါင်းစည်းပြီး ချင်းပြည်ကောင်စီသို့ ပူးပေါင်းပါဝင်လာနိုင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချင်းတစ်မျိုးသားလုံး စုစည်းညီညွတ်ရေး ၊ ချင်းပြည် (Chinland) တည်ဆောက်ရေး ၊ ပြည်သူများ စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ရေးတို့အတွက် စစ်ရေးနှင့် နိုင်ငံရေး ဟန်ချက်ညီစွာဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း ချင်းပြည်ကောင်စီမှ ဆိုသည်။

#TachileikNewsAgency