ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်နှင့် မူးမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်း ၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ( ၂ ) ဦး အပါအ၀င် ပြည်သူ ( ၄ ) ဦး ဒဏ်ရာရ၍ နေအိမ် ( ၂ ) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU က ယနေ့ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ညောင်လေးပင်ခရိုင် ဆောထိ ( ရွှေကျင် ) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၃၁ ) ရက်နေ့၌ စစ်ကောင်စီတပ်မှ တိုက်လေယာဉ် ( ၃ ) စီး ဖြင့် ဗုံး (၂) ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး လေယာဉ်ပါ (၃၀) မမ အော်လီဂန်း စက်သေနတ်များဖြင့် သေခိုဆယ်ဒဲ ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းနေထိုင်သည့် အသက်(၇၃)နှစ်အရွယ် စောသောစေး၊ အသက်(၁၆)နှစ်အရွယ် နော်အယ်ဆဲဖော နှင့် အသက်(၂)နှစ်အရွယ် နော်ထီးဖိုး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပိန်းဇလုပ် အခြေစိုက် စစ်ကောင်စီတပ် အမှတ်(၂၆၄)ခြေလျင်တပ်မှ နေ့လည် ( ၁၂ ) နာရီခွဲဝန်းကျင်တွင် ၁၂၀ မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ အောပလားကျေးရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် (၃၇)နှစ်ရှိ စောဝါးအယ်ဖော ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ( ၁ ) လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ (၂၉) ရက်နေ့ နေ့လည် ( ၁၁ ) နာရီခန့်တွင် ခလရ−၂၆၄ တပ်မှ ၁၂၀ မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ညောင်လေးပင်ခရိုင် မူး ( မုန်း ) မြို့နယ်အတွင်း၌လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ ၌ စစ်ကောင်စီတပ်မှ ကျောက်အိုးနှင့် ကျောက်လှည်းဘီးတောထဲသို့ လေယာဉ်ဖြင့်ပေါင် ၃၀၀ ဗုံး (၂) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မြေပြင်စစ်ကြောင်း ထိုးခြင်းများကြောင့် KNU ထိန်းချုပ်နယ်မြေ ခလယ်လွီထူ ( ညောင်လေးပင်ခရိုင် ) အတွင်း ဒေသခံ ( ၄၃၀,၁၆၁ ) ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KPSN ( Karan Peace Support Network ) ၏ အစီရင်ခံစာအရ သိရသည်။