ကုန်ဈေးနှုန်းတင်ရောင်းချသူများကို ယဥ်ကျေးလိမ္မာသင်တန်းသစ် ပို့ချမည် AA စစ်ဦးစီးချုပ်ပြော

ကုန်ဈေးနှုန်းတင်ရောင်းချသူများကို ယဥ်ကျေးလိမ္မာသင်တန်းသစ် ပို့ချမည် AA စစ်ဦးစီးချုပ်ပြော

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်ဈေးနှုန်းတင်ရောင်းချသူများကို ယဥ်ကျေးလိမ္မာသင်တန်းသစ် စတင်ပို့ချမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်သို့ အဝင်လမ်းများအားလုံး ပိတ်လိုက်ပြီးနောက် ကုန်ဈေးနှုန်းများကိုလည်း တိုးမြှင့်ရောင်းချလာကြခြင်းဖြစ်သည်။

“ကုန်ဈေးနှုန်းတင်ရောင်းချသူများအား ယဥ်ကျေးလိမ္မာသင်တန်းသစ် စတင်ပို့ချမည်ဖြစ်။”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေ စသည့်မြို့နယ်အဝင်အထွက်များကို ပိတ်လိုက်ပြီးနောက် ဆန်နှင့် ဆီများကို ရခိုင်ဒေသခံများ ဝယ်ယူမှုများလာပြီး ဆန်တစ်အိတ်လျှင်ငွေကျပ်(၇၀၀၀)ထပ်တက်သွားသည်ဟု သံတွဲမြို့ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောဆိုထားသည်။

ထို့အပြင် မင်းပြားနှင့် ရသေ့တောင်တိုက်ပွဲများကြောင့် ရခိုင်မြောက်ပိုင်း၌ ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းကိုလည်း ယာယီရပ်နားထားပြီး ၎င်းအမြန်ရေယာဉ်သည် စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-ကျော်နီမော်-တောင်ကုတ်၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ-ပေါက်တော-မင်းပြားနှင့် စစ်တွေ-မြောက်ဦး ခရီးစဉ်များကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ယနေ့ နို၀င်ဘာလ (၁၃)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ယနေ့တွင် ရက္ခိုင့်တပ်တော်(AA)သည် ရသေ့တောင်မြို့နယ် ချိန်ခါလီနှင့် ဒုံးပိုက်ကျေးရွာဖက်တွင် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်း(၂)ခုကို သိမ်းပိုက်ထားကြောင်း သိရသည်။

#TachileikNewsAgency