ရန်ကုန် Safe House သင်္ကြန်ပွဲအတွင်း ရေနှင့်လက်ပတ်ကြောင့် အလာဂျစ် ဖြစ်ပေါ်နေသူများကို ဆေးဖိုးပြန်ပေးမည်ဟု ပွဲစီစဉ်သူဘက်မှပြော

ရန်ကုန် Safe House သင်္ကြန်ပွဲအတွင်း ရေနှင့်လက်ပတ်ကြောင့် အလာဂျစ် ဖြစ်ပေါ်နေသူများကို ဆေးဖိုးပြန်ပေးမည်ဟု ပွဲစီစဉ်သူဘက်မှပြော

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်က SafeHouse Thingyan သွားသူများ ရေနှင့် လက်ပတ်ကြောင့် လက်တွင် အလာဂျစ်နှင့် ယောင်ယမ်းခြင်းများ ဆိုးဆိုးဝါးဝါး ဖြစ်နေပါက ဆေးဖိုးပြန်ပေးမည်ဟု ပွဲစီစဉ်သူဘက်က ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၁၈) ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်သည်။

သင်္ကြန်ကာလအတွင်း ဝိုင်းကြေး ၁၄ သိန်းကျော်အထိ တန်ကြေးရှိသည့် အစီအစဉ်များပါဝင်သည့် SafeHouse Thingyan Yangonတွင် ပွဲတက်ခဲ့သူအများစု၏ လက်တွင် အလာဂျစ်နှင့် ယောင်ယမ်းခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု ဝေဖန်မှုများ ရှိလာပြီးနောက် ရောဂါခံစားနေရသူများကို ဆရာဝန်လက်မှတ်ပါသည့် ဆေးကုသမှုဘောင်ချာနှင့် လက်မှ အလာဂျစ်ဖြစ်ပေါ်နေမှုပုံတို့ကို ပေးပို့ပါက ဆေးကုသစရိတ် ပြန်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ ဆေးဖိုးပြန်လည်မရယူလိုပါက နောက်လုပ်မည့် ပွဲများအတွက် Entry Access + 1 + Drink FOC ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အကျနေ့က လက်ပတ်ကနေဖြစ်တာ တော်တော်ဆိုးဆိုးပဲ အခုထိမပျောက် လက်ကယောင်ပြီး ရေကြည်ဖုတွေထနေတာ ဆေးခန်းပါပြေးရတယ်။ အခုပုံက ဒီနေ့မှရိုက်ထားတာ အဲ့နေ့ထဲကဖြစ်နေတာ။ကိုယ်တွေတဖွဲ့လုံး ယားပြီးစပ်နေတာ ရက်ကြာလေ ပျောက်မသွားပဲ ပိုဆိုးလာတယ်”ဟု ပွဲသွားရောက်ခဲ့သူ တစ်ဦးက ပြောသည်။

လူတိုင်း၏ လက်များတွင် ဖြစ်ပွားခြင်း မဟုတ်ပဲ၊ Security Reason အရ လက်ပတ်များကို  အရောင်များခွဲထားပြီး တစ်ချို့လက်ပတ်များကြောင့် ဓာတ်မတည့်သည့် လူများတွင် ယောင်ယမ်းခြင်း ၊ အလာဂျစ်ဖြစ်ခြင်းများ အနည်းအများ ဖြစ်ကြသည်ကို တွေ့ရှိရသည်ဟု SafeHouse ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဝိုင်းကြေးကျ 11 သိန်း ပေးရတယ် 2 ရက်ရှိပီ အထိတောင် မခံနိုင်တာ qualityကို ထိန်းသိမ်းကြပါ အရေပြားဆိုတာ အရမ်းနုတဲ့ အပိုင်းပါ”ဟု ပွဲတက်ခဲ့သူတစ်ဦးမှ ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးသည်။

ရောဂါဖြစ်ပွားရခြင်းမှာ လက်ပတ်၏ ဆေးသားနှင့် ကလိုရင်းနာနာ ခတ်ထားသည့် ရေဖြင့်ထိတွေ့ခြင်းကြောင့်ဟု ကနဦး ယူဆထားပြီး ဆရာဝန်နှင့် လက်ပတ် Supplierများကိုပါ ပွဲစီစဉ်သူဘက်မှ ဓာတ်ခွဲခန်းရလဒ် တောင်းထားကြောင်း သိရသည်။

မြန်မာပြည်တွင်း၌ လက်ပတ်ကို ပလတ်စတစ်နှင့် စက္ကူသာ ရွေးချယ်ရန် နှစ်မျိုးရှိပြီး ပလတ်စတ်လက်ပတ်သည် မာကျော၍ သက်တောင့်သက်သာ မဖြစ်သဖြင့် ပိုမိုဈေးများသည့် ရေစိုခံလက်ပတ်ကို အသုံးပြုထားကြောင်း ထုတ်ပြန်ချက်တွင် တစ်ဆက်တည်းဖော်ပြထားသည်။

#TachileikNewsAgency

Photo:Internet