မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မတ္တရာမြိုနယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား ဒီဇင်ဘာလ (၁၉)ရက်နေ့ကစကာ တိုက်ပွဲများ ပြင်းထန်နေပြီး ထန်းပင်ကုန်းရွာအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ အခြားသော နေရာများကို ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံပန်းများလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် သပိတ်ကျင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် စစ်ကောင်စီအကြား တိုက်ပွဲများပြင်းထန်နေသည်ဟု ဆိုသည်။
ဒီဇင်ဘာလ(၆)ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ဆုတ်ခွာပေးလိုက်ရသည့် မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနှင့် ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
#TachileikNewsAgency
Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)