သံတွဲမြို့အနီး ကျေးရွာများတွင် ယနေ့ညပိုင်း ပစ်ခတ်သံများကြားလာရ

သံတွဲမြို့အနီး ကျေးရွာများတွင် ယနေ့ညပိုင်း ပစ်ခတ်သံများကြားလာရ

ရခိုင်ပြည်နယ် သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာနှင့် ဇီးဖြူကုန်းရွာကြား၌ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၁)ရက်နေ့ ညပိုင်းတွင် ပစ်ခတ်သံများကြားရကြောင်း ဒေသခံများထံမှ သိရသည်။

ရွှေကျောင်းပြင်ရွာနှင့် ဇီးဖြူကုန်းရွာသည် (၄)မိုင်ဝန်းကျင်ဝေးပြီး ဇီးဖြူကုန်းရွာအနီး ငပလီကမ်းခြေရှိ စစ်ကောင်စီတပ် ခလရ(၅၅)မှ ပြည်သူ့စစ် တပ်သားသစ်များကို လက်နက်ငယ်ပစ်ခတ်နည်း သင်တန်းပေးနေခြင်းဖြစ်သည်ဟုလည်း ဒေသခံတချို့က ဆိုသည်။

"ည (၇)နာရီလောက်ကြီး ပစ်ခတ်သံတွေကြားလို့ တိုက်ပွဲဖြစ်ပြီလားပေါ့။ ပြီးတော့မှ ပြည်သူ့စစ်တွေကို ပစ်ခတ်နည်း သင်တန်းပေးနေတာလို့‌ပြောကြတယ်။ ပစ်ခတ်တာ နာရီဝက်မကဘူး အသံကြားရတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဇီးဖြူကုန်းရွာသည် ငပလီကမ်း‌ခြေအနီးတွင်ရှိပြီး သံတွဲမြို့ပေါ်နှင့် (၃)မိုင်ကျော်ဝေးကာ ရွှေကျောင်းပြင်ရွာမှာ သံတွဲမြို့နှင့် ကပ်လျှက်ရွာဖြစ်၍ ပစ်ခတ်သံများကို မြို့တွင်းကလည်း ကြားရသည်ဟု သိရသည်။

"မြို့နဲ့ ရွှေကျောင်းပြင်ရွာက ကပ်လျှက်ပဲ။ သေနတ်သံက ရွှေကျောင်းပြင်ရွာ အနောက်ဖက်ကနေကြားရတာ။ အခုတိုက်ပွဲဖြစ်တဲ့နေတဲ့ လင်းသီတို့ ရွှေလှေတို့က အရှေ့ဘက်လို့ပြောလို့ရတယ်။ အခုည ကြားရတဲ့အသံက အနောက်ဘက်က ကြားရတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့တွင် တိုက်ပွဲဖြစ်နေသည့် လင်းသီရွာဘက်၌ ပစ်ခတ်သံများ တစ်နေ့လုံးကြားရခြင်းမရှိသော်လည်း ညပိုင်းတွင် ဆူးပုတ်ကုန်းရွာအနီး၌ ပစ်ခတ်သံအနည်းငယ်ကြားရသည်ဟု ဒေသခံများကဆိုသည်။

 

လက်ရှိတွင် စစ်ကောင်စီက ကျေးရွာများရှိ ဒေသခံလူငယ်များကို ပြည်သူ့စစ်သင်တန်းအတွက် စည်းရုံးပေးရန် အုပ်ချုပ်ရေးမှူးများကို ဖိအားပေးနေပြီး အုပ်ချုပ်ရေးမှူးအချို့ကလည်း မဲမနှိုက်ပါက စစ်တပ်ကို ဖုန်းဆက်ခေါ်မည်ဟု ခြိမ်းခြောက်ခြင်းများရှိနေသည်ဟု သိရသည်။

#TachileikNewsAgency