BGF ထိန်းချုပ်ဒေသမှ ကျားဖြန့်လုပ်သူ တရုတ် ၂၀၀ ဦးကိုနေရပ်ပြန်ပို့

BGF ထိန်းချုပ်ဒေသမှ ကျားဖြန့်လုပ်သူ တရုတ် ၂၀၀ ဦးကိုနေရပ်ပြန်ပို့

ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများ၌ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ကြသည့် တရုတ်နိုင်ငံသား(၂၀၀)ဦးကို ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ နိုင်ငံသို့ လွှဲပြောင်းလိုက်သည်ဟု စစ်ကောင်စီက ဖော်ပြသည်။

တရုတ်နိုင်ငံသား(၂၀၀)ဦးကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေ့ရှု၍ ပြန်လည်လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်ရှိလာပြီး ထိုမှတဆင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကိုရောက်လာကာ ကျားဖြန့်လုပ်ကိုင်သူများက သောင်ရင်းမြစ်ကိုဖြတ်၍ ခေါ် ဆောင်ခိုင်းစေခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း လက်နက်ကိုင်အဖွဲ့အချို့ လှုပ်ရှားနေထိုင်ပြီး တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် အခက်အခဲ၊ အကန့်အသတ်များရှိခြင်းကို အခွင့်ကောင်းယူ၍ ကျားဖြန့်အပါအဝင် ဒုစရိုက်မှုများကို ကျူးလွန်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရန် အခြေခံလိုအပ်ချက်များကို တစ်ဖက်နိုင်ငံမှတဆင့် ရယူခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှုအများစုကို ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း လက်နက်ကိုင်အဖွဲ့အချို့ လှုပ်ရှားနေထိုင်သည်ဟု စစ်ကောင်စီက ပြောဆိုရာ အဆိုပါဒေသသည် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)၏ ဌာနချုပ်ဖြစ်သည်။

#TachileikNewsAgency