တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးအဖွဲ့များမှ (၇)ဖွဲ့ပါဝင်သည့် မဟာမိတ်အဖွဲ့ - 7 EAO Alliance က သက်ဆိုင်ရာ ပြည်နယ်များအလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနှင့် ဖက်ဒရယ်တပ်မတော်အတွက် စတင်ပြင်ဆင်ရန် စီစဉ်နေကြပြီဟု သိရသည်။
အဆိုပါအဖွဲ့၏ (၄)လပတ် အစည်းအဝေးအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ဆွေးနွေးကြရာတွင် အဆိုပါကိစ္စများကို ထည့်သွင်းဆွေးနွေးကြသည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းကျော်ညွန့်က Tachileik News Agency ကို ပြောသည်။
“သက်ဆိုင်ရာ အဖွဲ့အစည်းကနေပြီးတော့ သက်ဆိုင်ရာပြည်နယ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်းပဲ ရေးဆွဲနိုင်အောင် စတင်ကြိုးပမ်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ လုပ်ဆောင်မှုတွေလည်းရှိတယ်။ ပြီးတော့ မကြာခင် ကျွန်တော်တို့သွားမယ့် ဖက်ဒရယ်ပြည်စုအတွက်က မရှိမဖြစ် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ပြင်ဆင်ရေးအတွက်လည်း ကြိုးစားချက်ရှိတာကိုလည်းပဲ ကျွန်တော်တို့ စတင်ပြီးတော့ နည်းလမ်းရှာဖို့ အခြေအနေလည်းရှိပါတယ်။”ဟု ဗိုလ်မှူးကြီး စိုင်းကျော်ညွန့်က Tachileik News Agency ကို ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သည် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူရေးကို အာမခံချက်ပေးနိုင်သော ပြည်နယ်ဖွဲ့စည်းပုံအခြေခံအနေဖြင့်သာ ပြည်နယ်တစ်ခုချင်းတွင် စဉ်းစားထားချက်များရှိရန်လိုသည့် အချိန်ရောက်ပြီဟုလည်း သူကဆိုသည်။
အနာဂါတ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်မာအာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အဖွဲ့ဝင်ပြည်နယ်တစ်ခုအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးနိုင်မည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြစ်ပေါ်လာရေး ကြိုးပမ်းမည်ဟု ဆိုသည်။
“မပေါ်ပေါက်သေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အာရုံပြုပြီးတော့ ကျွန်တော်တို့ ပြည်နယ်တွေအနေနဲ့ ဒီလိုမျိုးဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိသင့်တယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်ရေးတွေကို စတင်ကြိုးပမ်းဆောင်ရွက်ဖို့ ပြောတာဖြစ်ပါတယ်။”ဟု ဗိုလ်မှူးကြီး စိုင်းကျော်ညွန့်က ပြောသည်။
ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်အခွင့်အရေးနှင့် အာမခံချက်အပြည့်အဝရှိသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကသာ ပြည်နယ်တစ်ခုခြင်းစီ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်မည် ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖြစ် စတင်ဖွဲ့စည်း လုပ်ငန်းဆောင်ရွက်ရာမှ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် KNU၊ CNF နှင့် ABSDF တို့ နှုတ်ထွက်သွားခဲ့ရာ မဟာမိတ်စုဖွဲ့မှုပုံစံသစ်အဖြစ် 7 EAO Alliance ကို ၂၀၂၄ ခုနှစ် မတ်လ (၁၈)ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။
7 EAO Alliance မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအ စည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့အနက် ပအိုဝ်းအမျိုးသား
လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့က 7 EAO Alliance အတွင်းပါဝင်နေသည့် ၎င်းတို့၏ခေါင်းဆောင်များကို အဖွဲ့အစည်းမှထုတ်ပယ်ကြောင်း ကြေညာထားကြသည်။
ယင်းအပြင် PNLO/PNLA သည် စစ်ကောင်စီကို တိုက်ခိုက်နေသည့်နည်းတူ NMSP မှ ခေါင်းဆောင်တချို့က NMSP-AD ဟု ခွဲ ထွက်ကာ စစ်ကောင်စီကို တော်လှန်နေကြသည်။
7 EAO Alliance ကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဦးဆောင်ကာ ဒုတိယအဖွဲ့ ခေါင်းဆောင်အဖြစ် နိုင်အောင်မင်းက တာဝန်ယူထားခြင်းဖြစ်သည်။