မုန်းမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂၀ ဦး သေဆုံးဟု KNU ထုတ်ပြန်

မုန်းမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂၀ ဦး သေဆုံးဟု KNU ထုတ်ပြန်

ပဲခူးတိုင်း မုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၂၀)ဦးသေဆုံးပြီး KNLA ပူးပေါင်းတပ်များဘက်ကလည်း ထိခိုက်ကျဆုံးသူများရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် ခမရ (၅၉၀)တပ်ရင်းဌာနချုပ်၊ မုန်းမြို့မရဲစခန်းနှင့် ကော့ပြင်တပ်စခန်း၊ ခမရ (၅၉၉)တပ်ရင်းဌာနချုပ်နှင့် မုန်းသာစည်တံတားကင်းတို့ကိုလည်း KNLA ပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့မှ ဒီဇင်ဘာလ (၇)ရက်နေ့အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း စစ်ကောင်စီလေတပ်မှ မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများအား (၃)ရက် (၃)ည ဆက်တိုက် လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် အရပ်သားထိခိုက်၊ သေဆုံးမှုများလည်းရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် မြို့ပေါ်နှင့် အချို့ကျေးရွာတို့တွင် ပြန်လည်နေရာယူထားသောကြောင့် ထိခိုက်သေဆုံးခဲ့ရသော အရပ်သားအရေအတွက်၊ နေအိမ်ပျက်စီးမှုအရေအတွက်တို့အား အတည်ပြုနိုင်ရန်အတွက် ကြန့်ကြာနေသည်ဟု ထုတ်ပြန်သည်။

မုန်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၁)ဦး လက်နက်ချအလင်းဝင်ကာ မိသားစုဝင်(၅၈)ဦးလည်း ပါရှိပြီး ၎င်းတို့အား ကောင်း မွန်စွာ စောင့်ရှောက်ထားသည်ဟု ဆိုသည်။

လက်ရှိတွင် မုန်းမြို့ရှိ စစ်ကောင်စီတပ်ရင်းများ၌ ကရင်အမျိုးသားအစည်းအရုံး(KNU)အလံကို လွှင့်ထူထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို KNLA၊ PDF၊ BPLAတပ်များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Karen National Union