ဖားကန့်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များကို ပကဖ အမည်ဖြင့် ခြိမ်းခြောက်ငွေတောင်းနေ

ဖားကန့်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များကို ပကဖ အမည်ဖြင့် ခြိမ်းခြောက်ငွေတောင်းနေ
အောက်တိုဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များထံမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟု အမည်တပ်ကာ ခြိမ်းခြောက်ငွေတောင်းခံနေခြင်းများရှိနေကြောင်း ကချင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပကဖဟု အမည်တပ်ကာ လေယာဉ်ပစ်လက်နက်ဝယ်ယူရန်အတွက် တစ်ဦးလျှင် ငွေကျပ်(၁၅)သိန်းထက်မနည်းရန်နှင့် မထည့်ပါက ဗုံးခွဲမည်ဟု ခြိမ်းခြောက်ငွေတောင်းခံခြင်းများကြောင့် ကချင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တရားခံများအား ဖမ်းဆီးရမိရေး ကြိုးစားနေသည်ဟု ဆိုသည်။

“ဒီစာတွေကို ဖားကန့်က ဆိုင်ကြီးတွေကို လိုက်ပို့ပြီး လုပ်စားနေကြတယ်။ တစ်နေ့ကို (၄)ဆိုင်လောက်ပို့ပြီး ခြိမ်းခြောက်ငွေတောင်းနေတာ။ ဒါကို ကျွန်တော်တို့လိုက်နေတာ။ ခြိမ်းခြောက်စာပို့တယ်။ အဖွဲ့အစည်းအမည် အလွဲသုံးစားလုပ်တယ်ပေါ့။”ဟု KPDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ခြိမ်းခြောက်စာတွင် စာရပြီးနောက် နာရီပိုင်းအတွင်း Wave Moneyမှတဆင့် ငွေလွှဲပေးရန်၊ ငွေလွှဲပြီးနောက် လျှို့ဝှက်နံပါတ်နှင့် စာစဉ်ကို Messageဖြင့် ပို့ပေးရမည်ဖြစ်သည်ဟု ရေးသားထားသည်။

“ကျွန်တော်တို့လည်း ဖမ်းဆီးရမိရေးလုပ်နေတာ။ ဒီကောင်တွေ ခြိမ်းခြောက်ပြီးတော့မှ တောထဲလာခဲ့၊ မှတ်ပုံတင်ပါယူခဲ့ အဲဒီလိုမျိုးတွေပြောလို့ သွားပြန်တော့လည်း လာမယူဘူး။ ပြီးမှ ငွေလွှဲလိုက်၊ အန္တရာယ်များလို့ဆိုပြီးတော့ လွှဲခိုင်းတာမျိုးရှိတယ်။”ဟု KPDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ဈေးညှိခြင်း၊ အမိန့်ဖီဆန်ခြင်း၊ သတင်းပေါက်ကြားခြင်းများရှိပါက ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ရေးသားထားခြင်းဖြစ်ပြီး နေ့စဉ် ဖားကန့်မြို့ရှိ လုပ်ငန်းရှင်များထံ ခြိမ်းခြောက်စာ ပေးပို့နေခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : KPDF