ကန့်ဘလူဒေသအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်စစ်ကြောင်းထိုးနေမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအနက် မြွေဆိုးကိုက်ခံရပြီး အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နေ

Photo: ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)
Photo: ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)
ကန့်ဘလူဒေသအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်စစ်ကြောင်းထိုးနေမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအနက် မြွေဆိုးကိုက်ခံရပြီး အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နေ

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ အကြမ်းဖက် စစ်ကြောင်းထိုးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများအနက် မြွေဆိုးကိုက်ခံရမှုများနှင့် ကြုံတွေ့နေရပြီး အသက်သေဆုံးသည်အထိ ရှိလာနေကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ရှောင် ဒေသခံများအနက် ၂၀၂၃ခုနှစ် ဇူလိုင်လအတွင်း၌ မြွေဆိုးကိုက်ခံရသူ (၁၁)ဦးရှိပြီး အသက်(၅၀)ကျော် အမျိုးသားတစ်ဦးမှာ ကုသမှု အချိန်မမှီလိုက်သည့်အတွက် သေဆုံးသွားရကြောင်း သိရသည်။

မြွေဆိုး ကိုက်ခံရသူ (၁၁)ဦးအနက် ဇူလိုင်လ(၁၄)ရက်နေ့က ကိုက်ခံရသည့် ချပ်သင်းတိုက်နယ်မှ အသက်(၅၀)နှစ်အရွယ် ဦးစိန်ချို ဆိုသူမှာ ကုသရန် အချိန်မမှီ၍ အသက်သေဆုံးသွားရခြင်း ဖြစ်သည်။ 

"ရောက်လာတဲ့အချိန်က နောက်ကျတယ်။ BPI မြွေဆိပ်ဖြေဆေး (၁၇) လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး (၂၃) လုံးထိ ထိုးခဲ့ရတယ်။ စုစုပေါင်း မြွေဆိပ်ဖြေဆေး အလုံး (၄၀) ထိုးပေးခဲ့ရတယ်။ ဒါပေမဲ့ အသက်တော့ မကယ်နိုင်ခဲ့ဘူး" ဟု မြေပြင်၌ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းက ပြောကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က ဖော်ပြထားရှိသည်။

ကန့်ဘလူမြို့နယ်အတွင်း ထန်းကုန်းတိုက်နယ်မှ (၃)ဦး၊ ချပ်သင်းတိုက်နယ်မှ (၄)ဦး၊ ဇီးကုန်းတိုက်နယ်မှ (၂)ဦး နှင့် ပင့်သာ နှင့် ကန့်ဘလူတိုက်နယ်တို့မှ (၁)ဦးစီ ရှိရာ အမျိုးသား(၈)ဦး နှင့် အမျိုးသမီး (၃)ဦးတို့ မြွေကိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် မြွေဆိုးကိုက်ခံရသည့် ဒေသခံများအား ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)နှင့် ပြည်တွင်း ပြည်ပမှ စေတနာရှင်များက မြွေဆိပ်ဖြေဆေးများ ကူညီမှုရှိသော်လည်း မြေပြင်အခြေအနေအရ လုံလောက်မှုမရှိသေးကြောင်း သိရသည်။

ကန့်ဘလူ ဒေသအတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ်များက နေ့စဉ် လှည့်လည်ကာ ကျေးရွာများရှိ နေအိမ်များကို ဖျက်ဆီးခြင်း၊ အိမ်တွင်း ပစ္စည်းများ ခိုးယူသယ်ဆောင်သွားခြင်း၊ ရွာရှိကျန်ရစ်သူများကို ညှင်းပမ်းနှိပ်စက်မေးမြန်းခြင်းများအပြင် နေအိမ်များကိုလည်း PDF များနှင့်ပတ်သက်သည်ဟုဆိုကာ မီးရှို့ဖျက်ဆီးသည်အထိ လုပ်ဆောင်မှုများရှိနေကြောင်း သိရသည်။