အာဏာသိမ်းစစ်တပ်က စစ်တပ်ထောက်ခံသူများအဖြစ် ဟန်ဆောင်ပြီး အဖွဲ့ ဖွဲ့ကာ   NLD ပါတီဝင် နှင့် မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေ

အာဏာသိမ်းစစ်တပ်က စစ်တပ်ထောက်ခံသူများအဖြစ် ဟန်ဆောင်ပြီး အဖွဲ့ ဖွဲ့ကာ   NLD ပါတီဝင် နှင့် မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေ
ဧပြီ 25, 2022 | အခြားဒေသများ

ရန်ကုန်နှင့် မန္တလေးမြို့မှ NLD ပါတီဝင်များနှင့် မိသားစုဝင်များ၏ အသက်ကို ရန်ရှာမည်ဟု စစ်အုပ်စုလော်ဘီများက ထုတ်ပြန်လာပြီး မန္တလေးမြို့က NLD ပါတီဝင် စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို စစ်တပ်ကဖမ်းပြီး ပစ်သတ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ၈၄လမ်း နှင့် ၈၅လမ်းကြား၊ ၃၄လမ်းရှိ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခတို့ကို ဧပြီလ(၂၄)ရက်နေ့က စစ်တပ်က ဖမ်းဆီးခဲ့ပြီး ညပိုင်းတွင် မန္တလေးမြို့၏ မြို့ပတ်ကမ်းနားရှိ NLD ရုံးရှေ့တွင် ကားပေါ်မှ ပစ်ချသွားခဲ့ကြောင်းသိရသည်။

ဦးခင်မောင်သိန်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေပြီး လည်ပင်းတွင် သွေးသောက်အဖွဲ့ကဒ်ပြားဆွဲထားကြောင်းသိရသည်။

"စစ်အုပ်စုက သူတို့ ထောက်ခံသူဟန်ဆောင်ပြီးစာတွေ ထုတ်ထားတာ။ တကယ်က သူတို့ပဲ ဖမ်းပြီးသူတို့သတ်နေတာ။ အလောင်းကိုလာချတုန်းကလည်း ရဲကားနဲ့ပဲ လာချသွားတာ"ဟု မန္တလေးမြို့ခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

မြို့ပြပျောက်ကြားအဖွဲ့တစ်ခုဖြစ်သော အနက်ရောင်သေမင်းအဖွဲ့က စစ်တပ်မိသားစုဝင်များ၏ အသက်ကိုရန်ရှာမည်ဟု ကြေညာချက်ထုတ်ပြန်သောကြောင့်ဟုဆိုကာ စစ်တပ်ထောက်ခံသူများက NLD ပါတီဝင် မိသားစုများကို သတ်ဖြတ်သွားမည်ဟု စစ်အုပ်စုလော်ဘီ တယ်လီဂရမ်ချန်နယ်များက ထုတ်ပြန်ထားသည်။

တကယ်တမ်းတွင်မှု စစ်တပ်က စစ်တပ်ထောက်ခံသူများအဖြစ် ဟန်ဆောင် အဖွဲ့ဖွဲ့ပြီး ၎င်းတို့ ကိုယ်တိုင် လီဆယ်လုပ်ကြံနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။