ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေးကျေးရွာသူကြီးကို PNO ဖမ်းဆီးပြီး ပြန်မလွှတ်ပေးသေး

ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေးကျေးရွာသူကြီးကို PNO ဖမ်းဆီးပြီး ပြန်မလွှတ်ပေးသေး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေးကျေးရွာသူကြီး ဖြားခွန်လျောကို 

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားပြီး ယနေ့အချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း PNLA ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ(၂)ရက်နေ့တွင် ရွာသူကြီး ဖြားခွန်လျောသည် ကားနှင့် ဆီဆိုင်မြို့သို့သွားရာမှ ဆီဆိုင်မရောက်မှီ ပုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရွာသူကြီး ဖြားခွန်လျောကို ဖမ်းဆီးထားသည်မှာ (၁၀)ရက်ကျော်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးပဲ ကားကိုလည်း PNO ပြည်သူ့စစ်က သိမ်းဆည်းထားသည်ဟု သိရသည်။

“ရွာသူကြီးက ဆေးပညာလည်းတတ်တော့ ကျန်းမာရေးကိစ္စဆို သူပဲ အားကိုးနေရတာ။ ဒေသခံတွေက ဆရာဝန်လျောလို့လည်းခေါ်တယ်။ အခုက ဖမ်းသွားတာ (၁၀)ရက်ကျော်ပြီ။ အဆက်အသွယ်လည်းမရတော့ဘူး။ လူလည်းပြန်မရောက်လာဘူး။ နောင်ရင်း ရွာသူကြီး ညီအစ်ကိုလည်း PNO က သတ်သွားတယ်ဆိုတော့ နောင်ဗိုကန်တော်လေးရွာသူကြီးလည်း အဲ့လို အသတ်ခံရမှာစိုးတယ်။ အသက်ရှင်နေသေးရင်လည်း ပြန်လွှတ်ပေးစေချင်တယ်။ ”ဟု ဒေသခံတစ်ဦးက ပြောကြောင်း PNLAက ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ (၉)ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် နောင်ရင်းရွာသူကြီး ညီအစ်ကို(၂)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင် ရွာသူကြီးပိုင်ဆိုင်သည့် ကုန်တင်ကား တစ်စီးကိုပါ သိမ်းဆည်းသွားခဲ့သည်။

#TachileikNewsAgency