ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၁)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီလေတပ်မှ ကြဲချသည့် ဗုံးသီးသည် နောင်ချိုမြို့ ဈေးရပ်ကွက်အတွင်းရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို ကျရောက်ပေါက်ကွဲခြင်းကြောင့် အနီးရှိ နေအိမ်များနှင့် ကားများ ပျက်စီးပြီး (၁၁)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နောင်ချိုမြို့ ဈေးရပ်ကွက်ထဲက လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ်ကိုကျပါတယ်။ လက်ဖက်ရည်ဆိုင်ကတော့ မြေကွက်လပ်ဖြစ်သွားပြီး ဘေးပတ်ဝန်းကျင် အိမ်တွေ၊ ဆိုင်တွေ အကုန်ထိပါတယ်။ ကားနားနေတဲ့ခရီးသည်တွေ၊ ကားဆရာတွေ တော်တော်များများ ထိပြီးတော့ လက်ရှိ သေဆုံးသူ (၁၁)ဦးလို့ သိထားရပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ဦးရေများပြီး အရေအတွက် အတိအကျကို မသိရှိရသေးဘဲ နေအိမ်နှင့် ကားများလည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
“လန်းဆန်းကိုကျတာတော့ တစ်လုံးပဲ။ တောင်ရပ်က လေးထပ်တိုက်နားလည်း ကျတယ် ပြောပေမယ့် အဲ့တာက အတည်ပြုမရသေးဘူး။ ဆိုင်ကတော့ မြေကွက်လပ်ကြီးကိုဖြစ်သွားတော့တာ။”ဟု ဒေသခံတစ်ဦး ပြောသည်။
ထိခိုက်သေဆုံးသူအများစုမှာ အခြားမြို့များမှ စစ်ရှောင်လာပြီး လန်းဆန်းလက်ဖက်ရည်ဆိုင်တွင် ခရီးတထောက်ဝင်နားသူများဖြစ်နိုင်သည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အသေးစိတ်အချက်အလက်ကို Tachileik News Agency အနေဖြင့် သက်ဆိုင်ရာ TNLA ဘက်သို့ ဆက်လက်မေးမြန်းနေဆဲ ဖြစ်သည်။
#TachileikNewsAgency
Photo: CJ