ဒိုက်ဦးအကျဥ်းထောင်သို့ ပြောင်းလာရသည့် နိုင်ကျဉ်းအမျိုးသမီးများကို ထောင်အာဏာပိုင်များက ဆဲဆိုရိုက်နှက်

ဒိုက်ဦးအကျဥ်းထောင်သို့ ပြောင်းလာရသည့် နိုင်ကျဉ်းအမျိုးသမီးများကို ထောင်အာဏာပိုင်များက ဆဲဆိုရိုက်နှက်

မွန်ပြည်နယ် ကျိုက်မရောအကျဥ်းထောင်မှ ထောင်ပြောင်းနှင့်ရောက်ရှိလာသည့် နိုင်ငံ‌ရေးအကျဉ်းသူ (၄၀)ကျော်ကို ဒိုက်ဦးအကျဥ်းထောင်အာဏာပိုင်များက ဥပဒေမဲ့ရိုက်နှက်ကာ အမျိုးသမီးများကို မိုက်ရိုင်းသည့် စကားလုံးများဖြင့် ဆဲဆိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသူ (၆၀)ဦးနှင့် အကျဉ်းသား(၁၀၀)ဦးတို့ကို ၂၀၂၄ခုနှစ် ဇွန်လ(၁၅)ရက်နေ့က  ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်များသို့ ပြောင်းရွှေ့ခဲ့ရာ အမျိုးသမီး အကျဉ်းသူ(၆၀)ဦးတွင် နိုင်ငံရေးအကျဉ်းသူ(၄၀)ဦးကျော်ပါဝင်ခဲ့ကြောင်း သိရသည်။

ထောင်ပြောင်းလာသူများအား ဒိုက်ဦးအကျဉ်းထောင်ရှိ အမျိုးသမီးများကိုထားသည့် တိုက်တစ်ခုတွင်ထား၍ ပါလာသည့်ပစ္စည်းများကို ထောင်ဝန်ထမ်းများမှ ရှာဖွေခဲ့ကာ ပစ္စည်းရှာဖွေမှုပြီးဆုံး၍ နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီးများထားရာ အိပ်ဆောင်သို့ ပို့ဆောင်ချိန်တွင် ရှာဖွေပြီးပစ္စည်းများကိုလာပေးသော်လည်း ကျိုက်မရောထောင်မှပါလာသည့် အသုံးအဆောင်နှင့် အစားအသောက်များကို သိမ်းယူထားသည့်အတွက် ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသူများမှ ပြန်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

တောင်းဆိုမှုကို အမျိုးသမီးဝန်ထမ်းများမှ ကောင်းမွန်စွာမဖြေရှင်းပေးဘဲ အမျိုးသားအရာရှိဝန်ထမ်းများကို ခေါ်ယူဖြေရှင်းခိုင်းခဲ့ကာ ရောက်ရှိလာသည့် အကျဉ်းဦးစီးအရာရှိ ဝန်ထမ်းများသည် ရာထူးအာဏာကို အလွဲသုံးစားပြု၍ နိုင်ငံရေးအကျဉ်းသူများကို အော်ဟစ်ဆဲဆိုခဲ့ပြီး"မိုက်တဲ့ကောင်မထွက်ခဲ့ မုဒိန်းကျင့်‌ပေးမယ်”ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထို့နောက် အမိုးပေါ် သို့ သေနတ်(၄)ချက် ပစ်ဖောက်ခဲ့ပြီး အခြားအဆင့်ဝန်ထမ်းများမှ လေးခွများဖြင့် ပစ်ခတ်ခြင်း၊ အရာရှိဝန်ထမ်းများကိုယ်တိုင် ကျဉ်စက်များ၊ ရာဘာတုတ်များ၊ သစ်သားတုတ်များ၊ ကျစ်ကြိုးများဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အတွက် ထောင်ပြောင်းနှင့်ရောက်ရှိလာသူ နိုင်ငံရေးအကျဉ်းသူ (၅၀)ကျော်တို့ ဒဏ်ရာများရရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသူ (၅)ဦးကျော် ဦးခေါင်းပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရိုက်နှက်ခံထားရသူအမျိုးသမီးများကို တိုက်ပိတ်ထားပြီး အပြင်းအထန်ရိုက်နှက်ခံထားရသူများမှာ ဒိုက်ဦးဆေးရုံအဆောင်တွင် ဆေးဝါးကုသမှု ခံယူနေရသည်ဟု သိရသည်။

ဖြစ်စဉ်တွင် ကိုယ်တိုင်အမိန့်ပေး၍ ရိုက်နှက်မှုကို ဦးဆောင်ခဲ့ကြသည့် ထောင်ဝန်ထမ်းအရာရှိများမှာ ဦးစီးအရာရှိ ကျော်ဇေယျ၊ မျိုးသီဟအောင်(၁)ပွင့် (အမျိုးသမီးများကို မိုက်ရိုင်းသည့် စကားလုံးများဖြင့် ဆဲဆိုရိုက်နှက်သူ)၊ မင်းဇော်သိန်း (၁)ပွင့် (အမျိုးသမီးများကို ဆဲဆိုရိုက်နှက်သူ)၊ ကိုလေးမြင့်(အဆောင်မှူး)တို့ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အမျိုးသမီးများအပေါ် အရှက်ရစေရန်ဆဲဆိုပြီး ညစ်ညမ်းသောစကားအသုံးအနှုန်းများဖြင့် ပြောဆိုခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခြင်း စသည့် လူ့အခွင့်အ‌ရေးချိုးဖောက်နေမှုတို့ကို ကျူးလွန်သူ အကျဉ်းဦးစီးဝန်ထမ်းများအား တော်လှန်ရေးအင်အားစုများအနေဖြင့် ဖမ်းဆီးထိန်းသိမ်းပြီး ထိရောက်သည့် အပြစ်ပေးအရေးယူမှုပြုပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က တောင်းဆို ထားသည်။

#TachileikNewsAgency