ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်ခံရန် စစ်ကောင်စီ သတင်းပေးများအား ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူထား

ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်ခံရန် စစ်ကောင်စီ သတင်းပေးများအား ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူထား

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီအား သတင်းပေးခဲ့သူများကို ဖမ်းဆီးရမိထားကာ ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးနိုင်ရန်ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၉)ရက်တွင် သတင်းထုတ်ပြန်သည်။

၎င်းတို့ကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီအား သတင်းပေးခဲ့သူများမှာ အသက်(၅၃)နှစ်ရှိ သိန်းရွှေ၊ အသက်(၆၁)နှစ်ရှိ ဦးချို၊ အသက်(၃၆)နှစ်ရှိ ဇော်မင်း နှင့် အသက်(၃၀)နှစ်ရှိ ယဉ်ယဉ်ဝင်း ဖြစ်ပြီး အဆိုပါ ( ၄ )ဦးအား ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်းက (ပ) ၁/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

၎င်းတို့၏ ထွက်ဆိုချက်များအရ ပျူစောထီးခေါင်းဆောင် သင်္ကန်း ဝတ် ဥူးဝါသဝနှင့် စစ်ကောင်စီသတင်းပေးဖြစ်သူ နွဲ့ယဉ်တို့ (၂)ဦးကိုလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၃/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် လည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်  မင်းအောင်လှိုင် အပါအဝင် တရားခံ (၆)ဦးတို့ကိုလည်း ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်း (ပ) ၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ဖြင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ(၁၁)ရက်က ပဇီကြီးကျေးရွာတွင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏  ရုံးသစ်တက် အလှူအတန်းအဖြစ် ထမင်းဖိတ်ကျွေးနေစဉ် စစ်ကောင်စီတပ်က Yark-130 တိုက်လေယာဉ်နှင့် MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ဒေသခံ(၁၈၁)ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူ (၂၉)ဦး ရှိခဲ့သည်။