ဝေါမြို့နယ်တွင် လယ်ယာလုပ်နေသူ ၇ ဦးကို စစ်ကောင်စီက စစ်မှုထမ်းရန်ဖမ်းဆီးသွား

ဝေါမြို့နယ်တွင် လယ်ယာလုပ်နေသူ ၇ ဦးကို စစ်ကောင်စီက စစ်မှုထမ်းရန်ဖမ်းဆီးသွား

ပဲခူးတိုင်း ဝေါမြို့နယ်တွင် ‌လယ်ယာလုပ်ကိုင်နေသည့် ဒေသခံ(၇)ဦးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

"သူတို့က စစ်မှုထမ်းဖို့အတွက် အသက်(၁၈)နှစ်ကနေ (၃၅)နှစ်ကြားပေါ့ ဖမ်းဆီးသွားတယ်။ ရွာတွေက ဒေသခံတွေကလည်း မဲပေါက်တဲ့သူတွေလည်း မသွားကြဘူး။ တချို့ကလည်း ထွက်ပြေးကြတယ်။ အဲဒီတော့ စစ်ကောင်စီတပ်က ကားတွေနဲ့ဝင်ပြီး တွေ့တဲ့သူ ဖမ်းနေတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဖမ်းဆီးခံရသူများမှာ အသက်(၁၈)နှစ်မှ (၃၅)နှစ်အရွယ်များဖြစ်ကြသည့် ဝေါမြို့နယ်၊ စိုင်တီစုရွာမှ (၂)ဦး၊ ဘုရားပျိုရွာမှ (၃)ဦးနှင့် ညောင်ကိုင်းရွာမှ(၄)ဦးတို့ဖြစ်ပြီး လက်ရှိတွင် မြို့နယ်ထွေအုပ်ရုံးတွင် ချုပ်နှောင်ထားခြင်းကြောင့် ဒေသခံများထိတ်လန့်နေကြောင်း သိရသည်။

"ဖမ်းဆီးသွားတဲ့သူတွေကို မြို့နယ်ထွေအုပ်ရုံးမှာ လက်ထိတ်တွေနဲ့ ထားတယ်။ ငိုတဲ့သူကငိုပေါ့။ လက်ရှိတော့ ပြေးတဲ့သူလည်း ပြေးကြပေါ့။ မြို့ပေါ်နဲ့ ရွာတွေကို ညဘက်ထပ်ဆွဲမယ်လို့ကြားထားတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ မည်သူ၊ မည်ဝါဖြစ်သည်ကို Tachileik News Agency က ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ မဲနှိုက်ခိုင်း၍ စစ်မှုထမ်းခိုင်းနေသည့်အပြင် မြို့အများစုတွင်လည်း ပေါ်တာဆွဲ၍ စစ်မှုထမ်းခိုင်းခြင်းများရှိနေကြောင်း သိရသည်။

#TachileikNewsAgency