လားရှိုးမြို့တွင်းသို့ လက်နက်ကြီးများ ဆက်တိုက်ကျနေ

လားရှိုးမြို့တွင်းသို့ လက်နက်ကြီးများ ဆက်တိုက်ကျနေ
ဇူလိုင် 3, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းသို့ ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် လက်နက်ကြီးများ ဆက်တိုက်ကျရောက်ပေါက်ကွဲနေပြီး ဒေသခံများလည်း ထိခိုက်သေဆုံးသူရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းက လားရှိုးတက္ကသိုလ်အနီး ရပ်ကွက်(၁) သာယာလမ်းရှိ နေအိမ်တစ်လုံးအတွင်းသို့ လက်နက်ကြီးကျကာ အရပ်သား(၆)ဦးသေဆုံးကာ သေဆုံးသူများမှာ (၁၄)နှစ်အရွယ် မောင်ဇယ်ဇောင်း၊ အသက်(၁၅)နှစ်အရွယ် မောင်ဒွဲအောင်နှင့် မဇယ်ညွယ်၊ အသက်(၃၀)နှစ်ဝန်းကျင် ဦးဆိုင်းခွမ်၊ မမေရီနှင့် အသက်(၇၀)အရွယ် ဒေါ်မာဂျီဆိုသူတို့ ဖြစ်သည်ဟု သိရသည်။

“မနက်ကပဲ လက်နက်ကြီးတွေ ဆက်တိုက် မြို့ထဲကိုကျနေတာပေါ့။ လေယာဉ်တွေလည်း ဝဲနေတယ်။ သေဆုံးသူတွေကိုတော့ ဒီနေ့ပဲ သင်္ဂြိုလ်တာပေါ့။ အပြင်ထွက်တာကတော့ အရင်ထက်နည်းတယ်။ ဈေးလည်းပိတ်လိုက်ပြီ။”ဟု လားရှိုးမြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်နက်ကြီးများသည် လားရှိုးမြို့ ပန်အုပ်ကျောင်းအနီးသို့တစ်လုံး၊ လားရှိုးမြို့ ဝမ်နားသို့တစ်လုံး၊ ဂေါက်ကွင်းသို့ ရှော့တိုက်ဒုံး တစ်လုံး ကျကာ၊ (၁၂)ရပ်ကွက်၊ ရပ်ကွက်(၁၀) နယ်မြေ (၁) သရဖီလမ်းနှင့် မြတ်လေးလမ်ဒေါင့်သို့ တစ်လုံး၊ နမ့်ပေါင်ကျေးရွာမှ နေအိမ်တစ်လုံးအပေါ်ကိုလည်း လက်နက်ကြီးကျသဖြင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးကာ အမျိုးသား (၂)ဦး ဒဏ်ရာရသည်ဟု သိရသည်။

“အခုတော့နေလို့ရသေးတယ်ပေါ့။ ရှောင်ဖို့လမ်းမရှိဘူး။ အဲဒါကြောင့်မို့လို့ မရှောင်တော့ဘူး။ ကျမှပဲ ကျတာပေါ့ ဆိုပြီး ဒီတိုင်းပဲနေနေကြတယ်။ လူကတော့ ဟိုနားစုစု ဒီနားစုစု၊ လက်နက်ကြီးနဲ့ပဲဆိုတော့။ ဘယ်ဘက်ကမှ ရှောင်ဖို့ သတိပေးတာမရှိဘူး။ အခု တော်လှန်ရေးတပ်တွေက အဖက်ဖက်က ဝိုင်းထားတယ်တော့ကြားတယ်။” ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)၏ အမြောက်တပ်၊ ဆင်တောင်၊ ခလရ (၄၁)တပ်၊ ခလရ (၆၈) တပ်စခန်းတို့ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

 

“ညထဲက ပြည်သူတွေ မအိပ်ရလောက်သေးဘူး။ အသံကကျယ်တော့ နေ့လယ်ကတော့ အခုပိုကျယ်လာတယ်။ အရင်ကပြေးထားတော့ စီးပွားရးလဲ ခက်ခဲလာတော့ မပြေးနိုင်ကြတာ။ တခါပြေး တခါကုန်ဆိုတော့ တတ်နိုင်သူတွေတော့ ရှောင်ကြတယ်။ အခုလားရှိုးမှာကျန်တာက ဒေသခံအစစ်တွေနဲ့ အခြေခံသမားတွေ။  ပြုတ်ကျတော့လည်းကံပေါ့၊ မပြုတ်ကျတော့လည်း ကိုယ့်ရှိတာစား အိမ်ထဲပေါ့။ ရှောင်ရင်က ပြန်ဝင်မရမှာလဲ စိုးရိမ်ကြတယ်။” ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၂)ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တညလုံး ပစ်ခတ်နေခြင်းဖြစ်ပြီး လက်ရှိတွင် စဉ့်အင်ဖောင်ဆိပ်၌ ကားများအတက်၊ အဆင်းပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေကြရသည်ဟု သိရသည်။

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ ညပိုင်းကစတင် တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး လက်ရှိတွင် လားရှိုးမြို့အဝင်၊ အထွက်များကို စစ်ကောင်စီဘက်က ပိတ်ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ