ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် စာသင်ကျောင်း (၁) ကျောင်းနှင့် နေအိမ် (၈)လုံး ပျက်စီးပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုမှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့ နေ့လယ် (၁)နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များသည် ကျောက်တံခါးမှနေပြီး ဖျံတလင်း ကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၁)လုံးနှင့် ဆိုင်ကယ် (၁) စီး ထိမှန်ပျက်စီးခဲ့ပြီး ၊ ည (၉)နာရီကျော်တွင် ထပ်မံ ဗုံးကြဲခဲ့ရာ သမင်အင်းကုန်း ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာရှိ စာသင်ကျောင်း (၁)ကျောင်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ နံနက် (၁၀)နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ် ခလရ-၅၇ တပ်ရင်းမှ (၈၁)မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ သံဆိမ်ရွာမအနီး ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ ဒေသခံတဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေ့လယ် (၁)နာရီဝန်းကျင်တွင် ခလရ(၂၆၄) တပ်ရင်းမှ ၁၂၀ မမ (၂)လုံး ပစ်ခတ်ခဲ့ရာ သံဆိပ်ရွာမအတွင်းထပ်မံ ကျရောက်ပေါက်ကွဲပြီး နေအိမ် (၁)လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင် ဒေါ့ဖားခိုမြို့နယ် သံတောင်ကြီးမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့ ညနေ (၄)နာရီခွဲဝန်းကျင်တွင် ဘုရင့်နောင်တပ်မြို့ရှိ စစ်ကောင်စီတပ်မှ သံတောင်ကြီးမြို့တွင်းသို့ ၁၂၀ မမ လက်နက်ကြီး (၁၂)လုံး ပစ်ခတ်ခဲ့ရာ မြို့အတွင်း (၆)လုံး ကျရောက်ခဲ့ပြီး မြို့အပြင်၌ (၆)လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခြင်းကြောင့် သံတောင်ကြီးမြို့ ရပ်ကွက် (၂)ရှိ နေအိမ် (၄)လုံး နှင့် ရပ်ကွက် (၃)ရှိ နေအိမ် (၂)လုံး စုစုပေါင်း (၆)လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ၊ ရက်ကွက် (၂)နေ အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ အရပ်သားပြည်သူလူထုများနေထိုင်ရာ နေရာများအတွင်းသို့ ပစ်ခတ်လျှက်ရှိသောကြောင့် ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံစွာဖြင့် နေထိုင်နေရပြီး လေကြောင်းတိုက်ခိုက်မှုပါ ထပ်မံပြုလုပ်ခံရမည်ကို စိုးရိမ်လျှက်ရှိကြောင်း သိရသည်။
#TachileikNewsAgency
Photo: KNU