စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ မန္တလေးတက္ကသိုလ်သို့လာရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့ မန္တလေးတက္ကသိုလ်သို့လာရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း ၊ မန္တလေးတက္ကသိုလ်တွင် ကျင်းပသည့် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန အထက်မြန်မာပြည် ကျောင်းပေါင်းစုံ စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့လာရောက်စဉ် မိုင်းဆွဲတိုက်ခိုက်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၅) လက်အောက်ခံ CM-SRDF အဖွဲ့ထံမှ သိရသည်။

မန္တလေးတက္ကသိုလ်သို့ မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့လာရောက်စဉ် ၂၀၂၄ခုနှစ် သြဂုတ်လ (၆)ရက်နေ့ နံနက် (၉)နာရီခန့်တွင် ရွှေဘိုခရိုင်တပ်ရင်း (၁၅)လက်အောက်ခံ CM-SRDF အဖွဲ့မှ အမျိုးသမီးတပ်ဖွဲ့ဝင်များမှ တက္ကသိုလ်အတွင်းသို့ ဝင်ရောက်ပြီး တိုက်မိုင်း (၂)လုံး တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်ဖြစ်သည့် စစ်ဘက်ဆိုင်ရာအစောင့်တပ်သားများနှင့် ဝန်ကြီးများကိုသာ အဓိကထားတိုက်ခိုက်ခဲ့ပြီး ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ကျောင်းသားနှင့် ဆရာ၊ ဆရာများ ထိခိုက်မှုမရှိစေရန် အထူးသတိပြု စစ်ဆင်ရေးဖော်ဆောင်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၅) အဖွဲ့ကဆိုသည်။

“စစ်ကောင်စီက ဖောတွေ၊ DC တွေနဲ့ တပ်ဖြန့်လုံခြုံရေးယူတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာပါ။ နီးစပ်ရာက စစ်ကားတွေ မိန်းထဲဝင်လာတယ်။ မြို့ထွက်တွေ ပိတ်ဆို့စစ်ဆေးနေတယ်။ ထိခိုက်ကျဆုံးစာရင်းကတော့ အတိအကျမသိသေးဘူးဗျ”ဟု ရွှေဘိုခရိုင်တပ်ရင်း (၁၅) လက်အောက်ခံတပ်မှ တာဝန်ခံ စောဂျွန်က Tachileik News Agencyကို ပြောသည်။

စစ်ကောင်စီ လော်ဘီချန်နယ်များတွင်လည်း မန္တလေး တက္ကသိုလ်အတွင်း ဗုံးပေါက်ကွဲသည်ကို အတည်ပြုထားပြီး ၊ အသံဗုံးပေါက်ကွဲခြင်းသာဖြစ်ကာ ပေါက်ကွဲမှုတွင် လူနှင့် အဆောက်အအုံထိခိုက်မှု မရှိကြောင်း ပြောဆိုထားသည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ  (၁၉) ရက်နေ့ကလည်း မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းနှင့် ၃၈ လမ်းကြားရှိ စစ်တပ်ပိုင် Mytel ရုံးချုပ်အား ရွှေဘိုခရိုင် တပ်ရင်း (၁၅)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ  ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ရုံးစောင့်ပျူစောထီး နှစ်ဦး ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency