တစ်နိုင်ငံလုံး ဘုံရန်သူစစ်အာဏာရှင်တို့၏ ဖိနှိပ်မှုအောက်မှ အလုံးစုံလွတ်မြောက်နိုင်ရန် ဆက်လက်ကြိုးပမ်း တိုက်ပွဲဝင်မည်ဟု TNLA ဥက္ကဌပြောဆို

တစ်နိုင်ငံလုံး ဘုံရန်သူစစ်အာဏာရှင်တို့၏ ဖိနှိပ်မှုအောက်မှ အလုံးစုံလွတ်မြောက်နိုင်ရန် ဆက်လက်ကြိုးပမ်း တိုက်ပွဲဝင်မည်ဟု TNLA ဥက္ကဌပြောဆို

တစ်နိုင်ငံလုံးဘုံရန်သူ စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုအောက်မှ အလုံးစုံလွတ်မြောက်နိုင်ရန် ဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

(၆၂) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းတွင် ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ယင်းသို့ပြောဆိုခြင်းဖြစ်ပြီး မပြီးမြောက်သေးသည့် တော်လှန်ရေးခရီးကို ဆက်လက်တိုက်ပွဲဝင်သွားရမည်ဟုလည်း TNLA ရဲဘော်များကို ပြောဆိုသည်။

တအာင်းဒေသရှိ ရေမြေတောတောင် သဘာဝသယံဇာတနှင့် လူမျိုးပေါင်းစုံတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ခတ်အဆက်ဆက် လက်ဝါးကြီးအုပ်စိုးပြီး စစ်အာဏာရှင်လက်တဆုပ်စာက သူတို့ကိုယ်ကျိုးအတွက် လိုသလို အတင်းအဓမ္မ ရယူသိမ်းပိုက်ခြင်းမှ လွတ်မြောက်အောင် စွမ်းဆောင်ပေးကြသော TNLA နှင့် ဒေသတွင်းရှိ ပြည်သူများကို ဂုဏ်ယူအလေးပြုသည်ဟု ပြောသည်။

မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်မူဝါဒ မပြောင်းလဲကြသေးသည့် ဒေသတွင်းရှိ နိုင်ငံတချို့၏ ရပ်တည်ချက်များကြောင့် တစ်တိုင်းပြည်လုံး တော်လှန်ရေးအင်အားစုများနှင့်အတူ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော နယ်မြေအတွင်း စစ်အာဏာရှင်အုပ်စု၏ အုပ်ချုပ်ရေးယန္တရား နောက်တစ်ကြိမ်အခြေမစိုက်နိုင်အောင် အစွမ်းကုန်ကြိုးပမ်း ကာကွယ်သွားရမည်ဟုလည်း ဆိုသည်။

ထို့အပြင် အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ရရှိသည့် နယ်မြေများကိုလည်း အသိအမှတ်ပြု တန်ဖိုးထားရမည်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး အင်အားစုအချင်းအချင်းလည်း မိတ်ဖက်နိုင်ငံရေးနည်းလမ်းနှင့် ဒေသတွင်းဖြစ်ပွားနေသော ပြဿနာတချို့ကို ဖြေရှင်းမှသာ ဘုံရန်သူ၏ တိုင်းရင်းသား အချင်းချင်းစည်းလုံးမှု ပျက်ပြားရေးမဟာဗျူဟာ အသက်ဝင်မလာမှာဖြစ်သည်ဟု ဆိုသည်။

၂၀၂၄ခုနှစ်အတွင်း စစ်အာဏာရှင်စနစ်ဆိုးဖြုတ်ချနိုင်ရန် လူတန်းစား အလွှာပေါင်းစုံနှင့် တော်လှန်ရေးအင်အားစု အဖွဲ့အစည်းပေါင်းစုံက ကျရာအခန်းကဏ္ဍမှ တော်လှန်တိုက်ခိုက်ခဲ့ကြသဖြင့် တော်လှန်ရေးအောင်မှုအလင်းတန်း ရောင်နီသမ်းလာပြီဟုလည်း ပြောသည်။

၂၀၂၅ခုနှစ်အတွင်း ယခင်နှစ်ကထက် ချိတ်ဆက်လက်တွဲပြီး ယိုင်နဲ့နေသော စစ်အာဏာရှင်အုပ်စုကို ဖြိုချပစ်ရန် စုစည်းညီညွတ်အားနှင့် တော်လှန်ရေးတာဝန်များကို ဆက်လက်ကြိုးပမ်းရမည်ဟု ဆိုသည်။

ပြည်တွင်းအားနှင့်သာ စစ်အုပ်စုကို ဖြိုချရမည်ဖြစ်သဖြင့် လက်နက်ကိုင်တော်လှန်ရေး‌ အင်အားစုအချင်းချင်း တချို့ ပဋိပက္ခများကို ရေရှည်နိုင်ငံရေးဖြေရှင်းနိုင်မည့်နည်းလမ်းရွေးချယ်၍ အင်အားမလျှော့ကျစေရေးမှ စုစည်းအားဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းနိုင်အောင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားရမည်ဟု ပြောသည်။

TNLA သည် နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ်တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo:TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း