သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်သမာဓိ၏ နေအိမ်ကို စစ်ကောင်စီတပ်က ရှာဖွေ

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်သမာဓိ၏ နေအိမ်ကို စစ်ကောင်စီတပ်က ရှာဖွေ

 ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ အာဏာသိမ်းစစ်ကောင်စီ တပ်၏ သေ့ဘောဘိုးစခန်းအား သိမ်းပိုက်စဉ် ကျဆုံးသွားခဲ့ရသည့် ရဲဘော်သမာဓိ၏ နေအိမ်ကို စစ်ကောင်စီတပ်များက မေလ(၂၀)ရက်၊ ညနေပိုင်းတွင် လာရှာသဖြင့် ရဲဘော် သမာဓိ၏ မိဘဖြစ်သူတို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်များက ပဲခူးမြို့နယ်၊ အင်းတကော်မြို့နယ်၊ ကင်းပိုင်ကျုံရွာကို လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ IPDF က ယနေ့ မနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

"အကြောင်းရင်းမှာ ၁၈.၅.၂၀၂၂ ရက်နေ့တွင် တပ်မဟာ၆နယ်မြေ သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း ရဲရင့်မြင့်မြတ်စွာကျဆုံးခဲ့ရသည့် ရဲဘော်သမာဓိ၏ မိသားစုများအား ခြေရာခံဒုက္ခပေး ကြခြင်း ဖြစ်ပါသည်။" ဟု IPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်များက ကားများ၊ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ပဲခူးမြို့နယ်၊ အင်းတကော်မြို့နယ်၊ ကင်းပိုင်ကျုံရွာလယ်လမ်းဆုံရှိ စာသင်ကျောင်းရှေ့မှစောင့်၍ ဆိုင်ကယ်များအား တား၍စစ်ဆေးခြင်း ဖုန်းများဖွင့်စစ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဒါ့အပြင် ကင်းပိုင်ကျုံရွာတောင်ပိုင်းနှင့် မြောက်ပိုင်းသို့ လူအင်အားခွဲကာ အိမ်များအတွင်းသို့ ဝင်ရောက်ရှာဖွေခြင်း စစ်ဆေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

ရွာတောင်ပိုင်းရှိ ဦးကျော်ထွန်းမိသားစုအိမ်နှင့် ရွာမြောက်ပိုင်းရှိ ဦးဝင်းထိုက်အိမ်တို့ကို ဝင်ရောက်ရှာဖွေခြင်း မေးမြန်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၂၁နှစ်အရွယ် မောင်အောင်ဇော်ဖြိုး (ခ) ရဲဘော်သမာဓိသည် မေလ (၁၈)ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ အာဏာသိမ်းစစ်ကောင်စီ တပ်၏ သေ့ဘောဘိုးစခန်းအား သိမ်းပိုက်သည့် တိုက်ပွဲတွင် ကျဆုံးခဲ့သူဖြစ်သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က အများအပြားကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီ တပ်က လေယာဉ်၆စီး သုံးကာ တိုက်ခိုက်ခဲ့ကြောင်းလည်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။