တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာတစ်ဦး သေနတ်ထိမှန် သေဆုံး

တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာတစ်ဦး သေနတ်ထိမှန် သေဆုံး
အောက်တိုဘာ 22, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေရဲစခန်းအနီးတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့ ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းတပ်ဘက်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် လမ်းပေါ်ဆိုင်ကယ်ဖြတ်မောင်းလာသည့် အမျိုးသား (၁) ဦး ရင်ဘတ်သေနတ်ထိမှန် သေဆုံးသွားကြောင်း သိရသည်။ 

ကံထူးမနယ်မြေရဲစခန်းတွင် အာဏာသိမ်းစစ်တပ်အဖွဲ့ရောက်နေသဖြင့် ဒေသခံကာကွယ်‌ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အာဏာသိမ်းတပ်က ရမ်းသမ်းပစ်ခတ်ချိန်တွင် ဆိုင်ကယ် ဖြတ်မောင်းလာသည့် ကြက်ဆူကန်ကျေးရွာမှ မောင်အေးမင်းအပါအဝင် အရပ်သား (၂) ဦးထိခိုက်သွားသော်လည်း တစ်ဦးမှာ ဒဏ်ရာမပြင်းထန်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်အပြီးတွင် အာဏာသိမ်းတပ်ဘက်မှ ထိခိုက်သူများကို တန့်ဆည်ဆေးရုံသို့ ကား (၂) စီးဖြင့် ပို့ဆောင်နေသည်ကိုတွေ့ရပြီး စစ်ရဟတ်ယာဉ်တစ်စီးလည်း ခေါက်တုန့်ခေါက်ပြန် ဖြတ်သန်းနေခဲ့ကြောင်း သိရသည်။

 

မိုင်းဆွဲခံရသဖြင့် ခွေးများမှ ရမ်းသမ်းပစ်ခတ်ရာ လမ်းသွားလမ်းလာ အရပ်သား ပြည်သူနှစ်ဦး ထိမှန်ခဲ့သဖြင့် တစ်ဦး သေဆုံးပြီး တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိကြောင်း သိရှိရသည်။ 

တန့်ဆည်မြို့နယ်တွင် အများပြည်သူအနေဖြင့် အပြင်ထွက်သွားလာခြင်းများမပြုလုပ်ကြရန်၊ အာဏာသိမ်းအဖွဲ့နှင့် နီးကပ်သည့်နေရာများတွင် မနေကြရန် ဒေသကာကွယ်ရေးအဖွဲ့များက အောက်တိုဘာလ (၁၉) ရက်နေ့ကတည်းက သတိပေးထားသည်ကို တွေ့ရသည်။