KNU တပ်မဟာ(၃)နယ်မြေ၌ ‌စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ဆယ်တန်းကျောင်းသားတစ်ဦးအပါအဝင် နှစ်ဦးသေကာ သုံးဦးဒဏ်ရာရ

KNU တပ်မဟာ(၃)နယ်မြေ၌ ‌စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ဆယ်တန်းကျောင်းသားတစ်ဦးအပါအဝင် နှစ်ဦးသေကာ သုံးဦးဒဏ်ရာရ

ပဲခူးတိုင်း ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ ဆယ်တန်းကျောင်းသားတစ်ဦး အပါအဝင် (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ် ဩဂုတ်လ(၂)ရက်နေ့မှ (၃)ရက်နေ့အထိ စစ်ကောင်စီတပ် ခမရ(၅၉၉)နှင့် ခမရ(၂၇၄)တပ်တို့က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ မုန်းမြို့နယ်မှ အရပ်သားတစ်ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာရကာ ကျောက်ကြီးမြို့နယ်မှ ဆယ်တန်းကျောင်းသားတစ်ဦးတို့ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ (၂)ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီ၏ ခမရ(၅၉၉)တပ်သည် တုံးတောမှနေ၍ ကျေးရွာများအတွင်းသို့ (၈၁)မမ လက်နက်ကြီး (၃)လုံးဖြင့် ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ မွေတွင်းကျေးရွာရှိ နေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အဆိုပါနေအိမ်အတွင်းမှ ဦးတင်ဦး (၇၁)နှစ်၊ မဇင်မာဝင်း (၃၉)နှစ်နှင့် ချစ်ဖုန်းသွယ် (၆)နှစ်တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး မသီတာအေး (၃၇)နှစ်မှာ လက်နက်ကြီးဒဏ်ရာကြောင့် နေရာမှာပင် သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ယ‌နေ့ ဩဂုတ်လ (၃)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ခမရ(၂၇၄)က ကျောက်တံခါးမြို့မှနေ၍ ကျောက်ကြီးမြို့နယ် သမင်အင်းကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဆယ်တန်းကျောင်းသား ပိုင်စိုးသူ(၁၆)နှစ်မှာ ဦးခေါင်း လက်နက်ကြီးကျည်စ ထိမှန်၍ သေဆုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

(စိတ်မချမ်းမြေ့ဖွယ် ပုံရိပ်များပါဝင်သဖြင့် သတင်းဓာတ်ပုံများကို Telegram Channel https://t.me/TachileikNewsAgency တွင် ကြည့်ရှုနိုင်ပါသည်)