စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မူးသာကျေးရွာတွင် စစ်ကောင်စီတပ်မှ ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံ (၂)ဦး ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။
ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီး (၁၂၀)မမ (၄)လုံးဖြင့် ပစ်ခတ်ခဲ့ရာ ခင်ဦးနယ် မူးသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး ဒေသခံ(၅)ဦး လက်နက်ကြီးထိမှန်ခဲ့ကာ (၂)ဦးသေဆုံးခဲ့ရပြီး (၃)ဦး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
သေဆုံးသွားသူများမှာ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကာ ဆေးကုသချိန်မရဘဲ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရွာသစ်ကျေးရွာအနီးထိ ပစ်ခတ်ဝင်ရောက်လာသဖြင့် ရွာသစ်၊ မူးသာ၊သက်ပေး၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံနှင့် ဆည်ကြီးရွာတို့မှ ဒေသခံထောင်ချီ ထွက်ပြေးနေရသည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ (၁၉)ရက်နေ့ကလည်း ရေဦးတိုင်းရင်းမှ စစ်ကောင်စီတပ်များ၏ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သက်ပေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၆)နှစ်အရွယ် KGကျောင်းသား ကလေးတစ်ဦး ဆေးကုသချိန်မရဘဲ သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ(၁၆)ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အင်းပတ်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။
#TachileikNewsAgency
Photo :ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး