အပူပိုင်းမုန်တိုင်း Soulik ပျက်ပြယ်သွားပြီဖြစ်သော်လည်း တိုင်းနှင့် ပြည်နယ်အနှံ့ မိုးအများအပြားရွာနိုင်ကြောင်း NUG က ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် ထုတ်ပြန်သည်။
ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်သို့ ဝင်ရောက်ခဲ့သည့် အပူပိုင်းမုန်တိုင်းငယ် Soulik သည် ကုန်းတွင်းပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ပျက်ပြယ်သွားပြီးဖြစ်ဟု ဆိုသည်။
အဆိုပါ ကုန်းတွင်းပိုင်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် မုတ်သုန်လေဖိအားနည်းမြှောင်တန်း အားကောင်းလာစေပြီး မြန်မာနိုင်ငံအတွင်း မိုးဆက်လက်ရွာသွန်းနိုင်သည်ဟု ဆိုသည်။
စက်တင်ဘာလ (၂၁)ရက်နေ့တွင် ရခိုင်၊ ချင်းပြည်နယ် တောင်ပိုင်း၊ ကရင်၊ ကရင်နီ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာစိပ်စိပ်မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ထားသည်။
စက်တင်ဘာလ (၂၂)ရက်နေ့တွင် ကချင်၊ ချင်း၊ ရှမ်း ၊ ကရင်၊ ကရင်နီ၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာအနှံ့အပြား မိုးရွာသွန်းနိုင်သည်ဟု သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်း၊ မကွေးတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည်ဟုလည်း ဆိုသည်။
မုတ်သုန်လေဖိအားနည်းမြှောင်တန်း အားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံနေရာဒေသ အတော်များများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် တောင်ကုန်းတောင်တန်းများ၌ မြေပြိုခြင်းများ ဖြစ်ပွားနိုင်သဖြင့် ဒေသခံများ မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံနိုင်မှုအန္တရာယ်များကို သတိပြုနေထိုင်ကြရန် အသိပေးထားသည်။
#TachileikNewsAgency
Photo: National Unity Government of Myanmar