မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးအား ဒေသကာကွယ်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းက သတိပေးသည့် အနေဖြင့်ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားလည်ပတ်ရန် စာသင်ကျောင်းများကို ဖွင့်နေသည့်အပြင် CDM လုပ်ဆောင်သူများကို ဖိအားပေးမှုများ လုပ်ဆောင်သည့် မြို့နယ်ပညာရေးမှူးနှင့်အဖွဲ့အား သတိပေးသည့်အနေဖြင့် ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က မိတ္ထီလာခရိုင်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များသည် ရုံးအနီးတွင် ဗုံးဖြင့် ဖောက်ခွဲကာ သတိပေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတိပေးခြင်းသာဖြစ်၍ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားတစ်ခုဖြစ်သည့် Mytel တာဝါတိုင်အား ခရိုင်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင် မလှိုင်မြို့နယ်များ PDF များက ဖောက်ခွဲမှုများ လုပ်ဆောင်သလို အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပေးနှင့် ဒေါက်တိုင်များကို စောင့်ကြည့် သတိပေးမှုများပါ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။