စစ်ကောင်စီ လက်ထက်တွင် ပြန်လည် အတင့်ရဲလာသည့် ARSA အကြမ်းဖက် အဖွဲ့က ဒေသခံများကို ဖမ်းဆီးမှုများ ရှိလာ၍ AA က တိုက်ခိုက် ချေမှုန်းနေ

Arakan Rohingya Salvation Army ( ARSA ) အကြမ်းဖက်အဖွဲ့၏ ၂၀၂၂ခုနှစ်တုန်းက ပုံများ
Arakan Rohingya Salvation Army ( ARSA ) အကြမ်းဖက်အဖွဲ့၏ ၂၀၂၂ခုနှစ်တုန်းက ပုံများ
စစ်ကောင်စီ လက်ထက်တွင် ပြန်လည် အတင့်ရဲလာသည့် ARSA အကြမ်းဖက် အဖွဲ့က ဒေသခံများကို ဖမ်းဆီးမှုများ ရှိလာ၍ AA က တိုက်ခိုက် ချေမှုန်းနေ

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီအား ချေမှုန်း တိုက်ထုတ်နေချိန်တွင် ARSA  အကြမ်းဖက် လက်နက်ကိုင်အဖွဲ့သည် မောင်တော၊ ဘူးသီးတောင်၊ ကျိန္တလီ နှင့် အမ်း စသည့် ဒေသများတွင်   ပြန်လည် အတင့်ရဲလာနေပြီး ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်မှုများ ခပ်စိပ်စိပ်ရှိနေသည့် အတွက်  ၎င်းတို့အား တိုက်ခိုက်ချေမှုန်းနေလျှက်ရှိကြောင်း သိရသည်။

 Arakan Rohingya Salvation Army ( ARSA ) အကြမ်းဖက်အဖွဲ့၏ ၂၀၂၂ခုနှစ်တုန်းက ပုံများ

 Arakan Rohingya Salvation Army ( ARSA )သည် မောင်တော၊ ဘူးသီးတောင်ဒေသများ၌ အတင့်ရဲစွာ ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏ အကြမ်းဖက် လုပ်ငန်းများကို အာရက္ခတပ်တော်(AA) က တိုက်ခိုက်ချေမှုန်းနေခြင်း ဖြစ်ကြောင်း ၂၀၂၄ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ရွှေထားရွာ အနောက်ဘက်တွင် ARSA လက်နက်ကိုင်များ စခန်းချနေထိုင်နေသော တပ်စခန်းတစ်ခုကို  အောက်တိုဘာလ (၆)ရက်နေ့ကလည်း AA က တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သလို အဆိုပါ စခန်းအတွင်း  လက်နက်ခဲယမ်း နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ အပြင် ၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့ကိုလည်း သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

 Arakan Rohingya Salvation Army ( ARSA ) အကြမ်းဖက်အဖွဲ့၏ ၂၀၂၂ခုနှစ်တုန်းက ပုံများ

RSO အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် လိပ်ရစခန်းအနီးတွင် စခန်းချနေထိုင်ရာက တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းတို့ထံမှ စစ်ကောင်စီက ထောက်ပံ့ပေးထားသည့် MA-2 (၁) လက်၊ G3 (၂) လက်၊ ကျောပိုးအိတ် (၁၂)လုံးနှင့် စစ်အသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ကလည်း ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်ကြသည့် ဒေသခံနှစ်ဦးသည် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန် ထွက်သွားရာမှ ပျောက်နေ၍ ၎င်းတို့အား  အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့က ကူညီရှာဖွေပေးနေချိန် ARSA လက်နက်ကိုင်အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကို ခံရ၍ လုံခြုံရေးတပ်ဖွဲ့ဝင် ( ၁ ) ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကာကျဆုံးပြီး ၊ ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

ARSA/RSO အဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ(၃၀)ရက်နေ့ကလည်း မေယုတောင်ခြေရင်း လက်ဝဲချောင်းအတွင်း ငါးရှာရန် သွားသည့် ကိုင်းကြီးကျေးရွာနေ ဒေသခံ (၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်လည်း ရှိခဲ့သေးသလို ဘူးသီးတောင် နှင့် မောင်တောဒေသအတွင်းမှ ဒေသခံ အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်မှုများ မကြာခဏ ပြုလုပ်နေသည်ဟုလည်း သိရသည်။

ARSA  အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များသည် ယခုရက်များအတွင်း အကြမ်းဖက်လုပ်ရပ်များကို ခပ်စိပ်စိပ်ပြုလုပ်လာသောကြောင့် ပြည်သူများအနေဖြင့်  မသွားမဖြစ် သွားလာရမည့်ခရီးများတွင် လုံခြုံရေးသတိအပြည့်ဖြင့် စောင့်ကြည့်ကြရန် လိုပြီး အကြမ်းဖက် လုံခြုံရေးဆိုင်ရာ သတိအပြည့်ဖြင့် နေထိုင်ကြရန် အထူးလိုအပ်ကြောင်း AA က သတိပေး တိုက်တွန်းထားသည်။

အာရက္ခဒေသအတွင်း မည်သည့် အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့် ပြုမည်မဟုတ်သကဲ့သို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းတိုင်းကို ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် ( AA ) မှ အသိပေးထားသည်။