စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းများအဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းခံရပြီး ကရင်နီပြည်နယ်အတွင်းရှိ ရှေ့တန်းစစ်ဆင်ရေးများသို့ ပို့ဆောင်ခြင်းခံရသည့် စစ်ကောင်စီတပ်သား (၇)ဦး KNDF၏ တပ်ရင်းအသီးသီးထံသို့ ထွက်ပြေးခိုလှုံလာကြောင်း KNDF ဗဟိုမှ ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုမှ လက်နက်မဲ့ ထွက်ပြေးလာသည့် ခမရ (၄၃၀)တပ်ရင်းမှ တပ်သား (၃)ဦးသည် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် လည်းကောင်း ၊ လွိုင်လင်လေးမြို့အပြင်ရှိ ထီးစဲခါးကင်းစခန်းတစ်ခုမှ ထွက်ပြေးလာခဲ့သည့် ခလရ (၂၄၇)တပ်မှ တပ်သား (၄) ဦးသည် MA-3 (၃)လက် ၊ MA-1 (၁)လက်တို့နှင့်အတူ ဇန်နဝါရီလ (၂၃)ရက်နေ့တွင်လည်းကောင်း KNDF တပ်ရင်းအသီးသီးထံသို့ ရောက်ရှိခိုလှုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စစ်မှုထမ်းရန် ဆန္ဒလုံးဝမရှိကြဘဲ စစ်ကောင်စီမှ ပေါ်တာဆွဲခံရခြင်း ၊ အတင်းအဓ္ဓမ စုဆောင်းခြင်းခံရသူများဖြစ်ကြပြီး ရှေ့တန်းစစ်ဆင်ရေးအတွင်း ထွက်ပြေးခိုလှုံလာခဲ့ကြခြင်းဖြစ်ကြောင်း KNDF ဗဟိုက ဆိုသည်။
စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသည့် တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်လူတစ်စု၏ အကျိုးစီးပွားအတွက် ရပ်တည်နေမည့်အစား ယခုကဲ့သို့ စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံ ခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြရန် KNDF ဗဟိုက တိုက်တွန်းအသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo:KNDF - Karenni Nationalities Defence Force